စစ်ကိုင်း - မုံရွာလမ်းမှာ ဦးရွှေမန်း မိသားစုပိုင် Elite ကားတစ်စီး ခရီးသည်တွေနှင့်အတူ ပျောက်ဆုံးနေတယ်လို့ စစ်လော်ဘီတွေ သတင်းဖြန့်၊

စစ်ကိုင်း - မုံရွာလမ်းမှာ ဦးရွှေမန်း မိသားစုပိုင် Elite ကားတစ်စီး ခရီးသည်တွေနှင့်အတူ ပျောက်ဆုံးနေတယ်လို့ စစ်လော်ဘီတွေ သတင်းဖြန့်၊

MFP ၊ သြဂုတ် - ၁၃

မန္တလေး - မုံရွာကားလမ်း၊ မြင်းမူမြို့နယ် ဂွေးပင်တောရွာအနီးမှာ ဦးရွှေမန်းမိသားစုပိုင် Elite ခရီးသည်တင်ကား တစ်စီး ယာဉ်မောင်းနှင့် ခရီးသည်တွေနှင့်အတူ မနေ့ မနက်ပိုင်းက စတင်ပြီး ပျောက်ဆုံးနေတယ်လို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

သြဂုတ်(၁၂)ရက် မနက်အစောပိုင်းက ရန်ကုန် - မုံရွာ ပြေးဆွဲနေတဲ့ Elite ခရီးသည်တင်ကား တစ်စီး မြင်းမူမြိုနယ်၊ ဂွေးပင်တောကျေးရွာအနီး စစ်ကိုင်း -မုံရွာလမ်းပေါ်မှာ မိုင်းခွဲခံရပြီးနောက် ကားရော ခရီးသည်တွေကိုပါ အမည်မသိ လက်နက်ကိုင်အဖွဲက ဖမ်းခေါ်ဆောင်သွားတာလို့ စစ်လော်ဘီတွေ့ ဆိုပါတယ်။

Elite ခရီးသည်တင်ကားနဲ့အတူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်တချို့လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပေမယ့် အရေအတွက် အတိအကျတော့ မဖော်ပြထားပါဘူး။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းနယ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင်တချို့ထံ ဆက်သွယ်မေးမြန်းရာမှာ သူတို့ကိုယ်တိုင် ဘာသတင်းမှ မသိရသေးကြောင်း ပြောပါတယ်။ ခရီးသည်တင်ကား ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က ဖမ်းတာလည်း ဖြစ်နိုင်သလို ပကဖ လက်အောက်ခံ မဟုတ်တဲ့ LDF တွေက ဖမ်းတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်း - မုံရွာလမ်းတလျှောက်မှာ ခရီးသွားပြည်သူတွေကို ဖမ်းဆီး ငွေတောင်းတဲ့ အဖွဲ့တွေ မကြာခဏ တွေ့ရလေ့ ရှိတယ်လို့ ခရီးသွား ပြည်သူတချို့ကတော့ ပြောပါတယ်။

Elite ခရီးသည်တင်ကား စစ်ကိုင်း - မုံရွာလမ်းမှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Elite Express ကုမ္ပဏီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Elite ခရီးသည်တင် ယာဉ်လိုင်းဟာ သူရဦးရွှေမန်း မိသားစုပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ဦးရွှေမန်းရဲ့ သားတွေကို ဖမ်းဆီးတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

စစ်ကိုင်း - မုံရွာလမ်းတလျှောက်မှာ စစ်အုပ်စုက ခရီးသည်တင်ကားတွေ၊ လူနာတင်ကားတွေ၊ အိမ်စီးကားတွေ၊ စစ်ကားတွေ အသုံးပြုပြီး သွားလာနေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုရဲ့ကားတွေကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မြင်းမူ #ခရီးသည်တင်ကား #Elite #Express

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ