ကလေးမြို့ GTC ကျောင်းအနီး တိုက်ပွဲမှာ စကစ (၁၀)ယောက်ထက်မနည်း သေ၊ စစ်အုပ်စုက ရွာထဲ ဝင်မွှေသောင်းကျန်းပြီး ပြည်သူတစ်ဦးကို သ-တ်ကာ (၁၀)ဦးခန့် ဖမ်းသွား၊

ကလေးမြို့ GTC ကျောင်းအနီး တိုက်ပွဲမှာ စကစ (၁၀)ယောက်ထက်မနည်း သေ၊ စစ်အုပ်စုက ရွာထဲ ဝင်မွှေသောင်းကျန်းပြီး ပြည်သူတစ်ဦးကို သ-တ်ကာ (၁၀)ဦးခန့် ဖမ်းသွား၊

MFP ၊ သြဂုတ် - ၃

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း GTC ကျောင်းအနီးမှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မနေ့က တနေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ (၁၀)ယောက် ထက်မနည်း သေတယ်လို့ People's Defence Force (Kalay) – PDF (Kalay) က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂)ရက် မနက်ပိုင်းက ကလေး GTC ကျောင်းဘက်ကနေ တောင်ဘက်ကို ဝင်မွှေသောင်းကျန်းနေတဲ့ အင်အား (၂၀၀)လောက် ရှိတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့ရာ မနက်(၆)နာရီကျော်ကနေ မွန်းလွဲ(၃)နာရီအထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ အထိနာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ များသည် ကလေးနည်းပညာ တက္ကသိုလ်အတွင်းမှ လက်နက်ကြီး ပစ်ကူများဖြင့် သာယာကုန်းရွာ ဘက်သို မရပ်မနား ရမ်းသမ်း ပစ်ခတ်နေခဲ့ကြောင်း သိရပါသည်။ အကြမ်းဖက် စစ်သားအလောင်းများ နှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီ တပ်ဖွဲများက ကလေးနည်းပညာ တက္ကသိုလ်အတွင်းသို ပြန်လည်ဆွဲယူသွားပြီး ကလေးမြိုဘက်မှ လူနာတင်ယာဉ်များဖြင့် မြိုတွင်းသို့ ပိုဆောင်ခဲ့ကြောင်း သိရပါသည်။ ပြည်သူ့ကာကွယ‌်ရေး ပူးပေါင်းတပ်ဖွဲများဘက်မှ အထိအခိုက်မရှိခဲ့ပါ” လို့ PDF (Kalay) က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ PDF (Kalay) တပ်ရင်း ၁၊ ၂၊ ၅၊ ၆၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF (KKG) နှင့် RKDF ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲများသည် မွန်းလွဲ(၂)နာရီခန့်တွင် သာယာကုန်းရွာ အတွင်းသို စတင် ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူ (၁၀)ဦး ခန့်ကို ဖမ်းဆီးကာ ၎င်းတိုအနက် အမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲများသည် ဖမ်းဆီးခံ ပြည်သူများအား လူသားဒိုင်းအဖြစ် စစ်ကြောင်းတွင် ဆက်လက် ခေါ်ဆောင်လာခဲ့” လို့ PDF (Kalay) က ဆက်လက် ဖော်ပြပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စုက သောင်းကျန်းနေတာကြောင့် ကလေး - ဂန့်ဂေါ လမ်းမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့လည်း ဒေသကာကွယ်ရေး တပ်တွေက သတိပေး မေတ္တာရပ်ခံ ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဝင် ရဲဘော်တွေအနေနဲ့ ကျည် လိုအပ်ချက် ရှိနေတာကြောင့် အများပြည်သူ အနေနဲ့ ဝိုင်းဝန်း ထောက်ပံ့ ကူညီ ပေးကြဖို့လည်း PDF (Kalay) တပ်ရင်း (၁)က အလှူခံထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ကလေးနယ်တောင်ပိုင်းမှာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး ဒေသကာကွယ်ရေး တပ်တွေနှင့်လည်း မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေး #တိုက်ပွဲ #VAKOK_CNDF #Kalay_PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ