ဆီမီးခုံမှာ လောင်းကစားသမား စကစဗိုလ်ကြီး အသတ်ခံရပြီးနောက် စကစရဲတွေပါ အဖမ်းခံနေရလို့ စခန်းမှူး ထွက်ပြေးနေရ၊

ဆီမီးခုံမှာ လောင်းကစားသမား စကစဗိုလ်ကြီး အသတ်ခံရပြီးနောက် စကစရဲတွေပါ အဖမ်းခံနေရလို့ စခန်းမှူး ထွက်ပြေးနေရ၊

MFP ၊ စက်တင်ဘာ - ၁၆

မန္တလေးတိုင်း မြင်းခြံနယ် ဆီမီးခုံမြို့မှာ လောင်းကစားဝိုင်းက ပြန်လာတဲ့ စကစ သုံးပွင့် ဗိုလ်ကြီး အောင်ကိုကို နှင့် တပည့်ဖြစ်သူတို့ အသတ်ခံရပြီးနောက် စစ်အုပ်စုက တွေ့သမျှလူ ဖမ်းဆီးနေပြီး နောက်ဆုံးအဆင့် ဆီမီးခုံ ရဲစခန်းက ရဲတချို့ကိုပါ ဖမ်းဆီး ညှဉ်းပန်း ငွေညှစ်နေလို့ ဆီမီးခုံစခန်းမှူး ထွက်ပြေးနေတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၀) ရက် ညနေပိုင်းက ဆီမီးခုံမြို့ လောင်းကစားဝိုင်းက ပြန်လာတဲ့ စကစဗိုလ်ကြီး အောင်ကိုကိုနဲ့ တပည့်ဖြစ်သူတို့ကို ဆီမီးခုံနှင့် ကြည်ရွာကြားမှာ ဒေသကာကွယ်ရေးတပ်တွေက သု-တ်-သင်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနေ့ နေ့လယ်ပိုင်းမှာလည်း ဆီမီးခုံနယ် ဆုံရွာက ပျူသုံးယောက်ကိုလည်း ဒေသကာကွယ်ရေး တပ်တွေက သု-တ်-သင် ရှင်းလင်းခဲ့ပါတယ်။

အဲ့ဒီလို စကစ ဗိုလ်ကြီးနှင့် ပျူတွေ သု-တ်-သင် ခံရပြီးနောက် စစ်အုပ်စုက ဆီမီးခုံမြို့ကို ညမထွက်ရ အမိန့်ထုတ်ကာ ဆီမီးခုံမြို့ပေါ်နှင့် အနီးအနား ရွာတွေက ဒေသခံပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ငွေညှစ်တာတွေ ကျူးလွန်ခဲ့ရာမှာ စက်တင်ဘာ(၁၀)ရက် တစ်ညတည်းနဲ့ပင် ဆီမီးခုံမြို့က လုပ်ငန်းရှင်တွေနှင့် ဖက်ပင်အိုင်ရွာ၊ ဂင်ဂဲရွာတို့က ပြည်သူတွေ စုစုပေါင်း လူ(၂၀) ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ရဲကတော့ လေးငါးယောက်လောက် အဖမ်းခံထားရတယ်လို့ ကြားရတယ်၊ စခန်းမှူးဆိုလည်း အဲဒီနောက်နေ့ ကတည်းက ထွက်ပြေးနေတာ၊ သူတို့ စစ်ခွေးတွေ အသတ်ခံရတာကို သတင်းပေးတယ်ဆိုပြီး လိုက်ဖမ်းနေတယ်လို့ သိရတယ် “ လို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ်ပြီးချိန်မှာ ဆီမီးခုံရဲစခန်းက စစ်ကောင်စီ သစ္စာခံ ရဲတွေဘက် လှည့်လာပြီး ရဲတချို့ကို ဖမ်းကာ ညှဉ်းပန်းနေလို့ စခန်းမှူး ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

လောင်းကစားဝိုင်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ စကစဗိုလ်ကြီး အောင်ကိုကိုနဲ့ နောက်လိုက်တစ်ယောက်ကို ဒေသကာကွယ်ရေး တပ်တွေဖြစ်တဲ့ နောင်ရိုး အထူးပြောက်ကျားတပ်-NYSGF၊ MGN Tiger၊ Scorpion၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ Bagan Nyaung Oo PDF တို့ ပူးပေါင်းပြီး သု-တ်-သင် ရှင်းလင်းခဲ့ရာမှာ MA5 MK2 ပစ္စတို သေနတ် တစ်လက်၊ ကျည် ခုနှစ်တောင့်၊ ငွေသုံးသိန်းနဲ့ ဖုန်းနှစ်လုံး သိမ်းဆည်း ရရှိခဲ့တယ်လို့ နောင်ရိုး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ဆီမီးခုံ #သုံးပွင့်ဗိုလ် #လောင်းကစားဝိုင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ