စစ်အုပ်စုက လုပ်တဲ့ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ အရက်ဆိုင်၊ ဘီယာဆိုင်နဲ့ လောင်းကစားဝိုင်းတွေ ဆိုင်ခန်း ရာချီ ထည့်သွင်းထား၊ ရိုးရာပွဲတော်ကို ဖျက်ဆီးတဲ့ လုပ်ရပ်အဖြစ် မြို့ခံတွေ ဝေဖန်၊

စစ်အုပ်စုက လုပ်တဲ့ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ အရက်ဆိုင်၊ ဘီယာဆိုင်နဲ့ လောင်းကစားဝိုင်းတွေ ဆိုင်ခန်း ရာချီ ထည့်သွင်းထား၊ ရိုးရာပွဲတော်ကို ဖျက်ဆီးတဲ့ လုပ်ရပ်အဖြစ် မြို့ခံတွေ ဝေဖန်၊

MFP ၊ နိုဝင်ဘာ - ၆

အာဏာသိမ်းစစ်အုပ်စုက လုပ်တဲ့ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ အရက်ဆိုင်၊ ဘီယာဆိုင်နဲ့ လောင်းကစားဝိုင်းတွေ ထည့်ထားတဲ့အတွက် ရိုးရာပွဲတော်ကို ဖျက်ဆီးတာဖြစ်ကြောင်း ဒေသခံတွေက ဝေဖန်ပါတယ်။

မေမြို့ မဟာအံ့ထူးကံသာ - ပြည်ချစ်ဘုရားဘေးက မီးပုံးပျံကွင်းမှာ နိုဝင်ဘာ(၄)ရက်က စတင်ပြီး စစ်အုပ်စုက လုပ်နေတဲ့ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ ခြောက်ကောင်ဂျင်နှင့် ရှမ်းကိုးမီး လောင်းကစားဝိုင်းတွေက ဆိုင်ခန်း(၂၂)ခန်း (၃၈)ကောင် လောင်းကစားဝိုင်းတွေက ဆိုင်ခန်း (၈၀)နီးပါးနဲ့ ဘီယာဆိုင်၊ အရက်ဆိုင်တွေကလည်း ဆိုင်ခန်း ရာချီတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုဖြစ်တဲ့ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ အခုလို စစ်အုပ်စုက အရက်ဆိုင်၊ ဘီယာဆိုင်နဲ့ လောင်းကစားဝိုင်းတွေ ထည့်သွင်းတာမျိုး မလုပ်သင့်ဘူးလို့ ဒေသခံတွေက ဝေဖန်ပါတယ်။

“ ဒါမျိုးတွေက အရင်နှစ်က မရှိခဲ့ဘူး၊ ပွဲတော်နဲ့လည်း ဘာမှမဆိုင်ဘူး။ အခုဟာက လူတွေ များများလာတယ်ဆိုတာ ပြချင်တာနဲ့ ထည့်ထားတာလို့ ထင်ပါတယ်။ သူတို့ထုတ်ပြန်ရင် အဲ့ဒီ ဈေးတန်းဘက်က ပုံတွေရိုက်ပြီး လူစည်ကားတယ်လို့ လုပ်နေကြတာ “ လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုက လုပ်တဲ့ မေမြို့ တန်ဆောင်တိုင်ပွဲကို ပြည်သူတွေ သွားရောက်လည်ပတ်တာလည်း မရှိသလောက် နည်းပါးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲ စည်ကားဖို့ လနဲ့ချီကာ ကြိုတင်ပြင်ဆင်ခဲ့ပြီး စုစုပေါင်း မီးပုံးပျံ အလုံး (၇၀)ကျော် ပါဝင်ယှဉ်ပြိုင် ခိုင်းထားသလို ဈေးရောင်းပွဲတွေပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်လွန် နှစ်တွေက စတင်ပြီး နှစ်စဉ် တန်ဆောင်တိုင်ကာလမှာ မေမြို့ တန်ဆောင်တိုင် မီးပုံပျံပွဲ ကျင်းပတာဖြစ်ပြီး နိုင်ငံတဝန်းက သိန်းချိတဲ့ ပြည်သူတွေ လာရောက်လည်ပတ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀နဲ့ ၂၀၂၁ တွေမှာတော့ ကိုဗစ် ရောဂါ ကူးစက်မှုနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံအတွင်း မတည်မငြိမ်တာကြောင့် မေမြို့ တန်ဆောင်တိုင်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

စစ်အုပ်စုက ဦးစီး ပြုလုပ်တဲ့ မေမြို့ တန်ဆောင်တိုင် မီးပုံပျံပွဲ ဈေးဆိုင်တန်း/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့ #တန်ဆောင်တိုင် #မီးပုံပျံပွဲ #အရက်ဆိုင် #လောင်းကစားဝိုင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ