တရုတ်က ဖမ်းထားတဲ့ ကိုးကန့် (၁၁)ဦးထဲ မန္တလေး ရေတံခွန်တောင်စီးတီးကို ပိုင်တဲ့ သူဌေး ပါဝင်၊

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း ပုံစံငယ်/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ
မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း ပုံစံငယ်/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ
တရုတ်က ဖမ်းထားတဲ့ ကိုးကန့် (၁၁)ဦးထဲ မန္တလေး ရေတံခွန်တောင်စီးတီးကို ပိုင်တဲ့ သူဌေး ပါဝင်၊

တရုတ်က ဖမ်းထားတဲ့ ကိုးကန့် (၁၁)ဦးထဲ မန္တလေး ရေတံခွန်တောင်စီးတီးကို ပိုင်တဲ့ သူဌေး ပါဝင်၊

ရေတံခွန်တောင်စီးတီး စီမံကိန်းဟာ မန္တလေးရဲ့ အကြီးဆုံး အိမ်ယာစီမံကိန်း တစ်ခုဖြစ်၊

တေဇ/MFP ၊ အောက်တိုဘာ - ၉

အွန်လိုင်းငွေကြေး လိမ်လည်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ယခုလဆန်းပိုင်းက တရုတ်နိုင်ငံထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုးကန့်သူဋ္ဌေးတွေထဲက ဖူလီလိုက်သူဋ္ဌေးကြီး ဦးမောင်မောင်ဟာ မန္တလေးရဲ့ အကြီးဆုံး အိမ်ယာ စီမံကိန်းမှာလည်း အဓိက ရင်းနှီးမြုပ်နှံသူ ဖြစ်ပါတယ်။

ဦးမောင်မောင်လို့ မြန်မာအမည်ခံယူထားသူ ကိုးကန့်လုပ်ငန်းရှင် လျိုကျိန်းချီဟာ တရုတ်နိုင်ငံ ယူနန်အစိုးရရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားတက်ဖို့ သွားတဲ့အချိန် အောက်တိုဘာ(၁)မှာ တရုတ်အစိုးရရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရပါတယ်။ ဖမ်းဆီးခံရတဲ့ အထဲမှာ ဦးမောင်မောင်နဲ့အတူ တခြား ကိုးကန့် လုပ်ငန်းရှင် (၁၀)ဦးလည်း ပါဝင်ပါတယ်။

ရှမ်းပြည်အခြေစိုက် မဲခေါင် သတင်းအရ တရုတ်လွတ်လပ်ရေး အခမ်းအနားကို သွားတက်ရင်း ဖမ်းခံရတဲ့ စာရင်းမှာ မြန်မာ - တရုတ်နယ်စပ်၊ ကိုးကန့်ဒေသက လုပ်ငန်းရှင်တွေဖြစ်တဲ့ ဝေချင်းထောင်၊ လျိုကျိန်းချီ၊ ပိဟွေကျွင်း ခေါ် ရန်လောက်ပီ၊ တိန်ကျီးတာ၊ ကျိုရှောက်ခိုက်၊ ဝင်းချောက်နိန်း၊ စူးဟုန်းရှန်း၊ လိအားဖူး၊ လျိုစွတ်နိန်း၊ ချွေးစောက်ပန်း ခေါ် ချဲအိုက်ဟွာ၊ ဝီလင်းကော်တို့ ဖြစ်ပါတယ်။

အဲ့ဒီထဲက လျိုကျိန်းချီ (ခ) ဦးမောင်မောင်ဟာ ဖူလီလိုက် ကုမ္မဏီ ဥက္ကဌ လျို့အာပေါက်ရဲ့ ညီတော်စပ်သူ ဖြစ်ပြီး အဲ့ဒီ ဖူလီလိုက် လုပ်ငန်းစုမှာလည်း ဒါရိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့ရဲ့ အကြီးဆုံး မြို့ပြအိမ်ယာစီမံကိန်း တစ်ခုဖြစ်တဲ့ ရေတံခွန်တောင်စီးတီး စီမံကိန်းဟာလည်း ဦးမောင်မောင်တို့ ညီအစ်ကိုနှစ်ယောက် ပိုင်ဆိုင်ပြီး သူတို့ရဲ့ များပြားလှတဲ့ စီးပွားရေး လုပ်ငန်းတွေထဲက တစ်ခုဖြစ်တယ်လို့ တရုတ်-မြန်မာနယ်စပ် ကုန်သည်တွေနဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက MFPကို ပြောပါတယ်။ ဦးမောင်မောင်ဟာ ယခုနှစ် (၂၀၂၃) ဇန်နဝါရီမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးတဲ့ အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

bio-03.jpg

အာဏာသိမ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အတူ တွေ့ရတဲ့ ကိုးကန့် သူဌေး ဦးမောင်မောင်/Photo - MYDA

အာဏာသိမ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အတူ တွေ့ရတဲ့ ကိုးကန့် သူဌေး ဦးမောင်မောင်/Photo - MYDA

တရုတ်ပြည်မှာ အဖမ်းခံထားရတဲ့ ဦးမောင်မောင်ဟာ ရှမ်ပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၊ စစ်အုပ်စုရဲ့ ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၀င် ဖြစ်သလို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပညာရေးရုံး ဒုတိယတာ၀န်ခံ၊ မြန်မာလူငယ် ဖွံဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဌ၊ ဖူလီလိုက် ကုမ္ပဏီ အုပ်စုရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး တစ်ဦး ဖြစ်တယ်လို့ မြန်မာလူငယ် ဖွံဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဌ ရဲ့ အထုပ္ပတ္တိအဖြစ် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ MYDA ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဦးမောင်မောင် ခေါ် လျိုကျိန်းချီ ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ကိုယ်စားပြုကာ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။

bio-01.jpg

အာဏာသိမ် စစ်အုပ်စုနဲ့ အတူ တွေ့ရတဲ့ ကိုးကန့် သူဌေး ဦးမောင်မောင်/Photo - MYDA

အာဏာသိမ် စစ်အုပ်စုနဲ့ အတူ တွေ့ရတဲ့ ကိုးကန့် သူဌေး ဦးမောင်မောင်/Photo - MYDA

ကိုးကန့် စီးပွားရေးသမားတွေနဲ့ အဆက်အစပ်ရှိတဲ့ မန္တလေးမြို့ခံ လုပ်ငန်းရှင် တစ်ဦးက ဦးမောင်မောင်ဟာတရုတ်မှာ အဖမ်းခံရတဲ့အထဲက တစ်ယောက်က ရေတံခွန်တောင် စီမံကိန်းရဲ့ နောက်ကွယ်က သူဌေးဖြစ်တယ်လို့ MFP ကို ပြောပါတယ်။

သူတို့က အရင်ကတည်းက တဖက်မှာ လက်နက်ကိုင်၊ တဖက်မှာ စီးပွါးရေးလုပ်။ ရန်ကုန်၊ မန္တလေး၊ လားရှိုးမှာ သူတို့ လက်ခွဲတွေ အများကြီး။ ခင်ညွန့်ခေတ်ကတည်းက ဆိုတော့ တော်တော် ချမ်းသာနေပြီလို့ ကိုးကန့် စီးပွားရေးသမားတွေနဲ့ အဆက်အစပ်ရှိတဲ့ မန္တလေးမြို့ခံ လုပ်ငန်းရှင်က ဆိုပါတယ်။

လက်ရှိ တရုတ်မှာ ဖမ်းဆီးခံလိုက်ရသူ ကိုးကန့်သူဌေး (၁၁)ဦးထဲ အဓိက ကျတဲ့ လုပ်ငန်းရှင် နှစ်ဦး ပါဝင်ပြီး တစ်ဦးက ဖူလီလိုက် ကုမ္မဏီက ဦးမောင်မောင် ခေါ် လျိုကျိန်းချီ ဖြစ်ကာ နောက်တစ်ဦးကတော့ ဟိန်းလိ ကုမ္မဏီက ဝေ့အယ်ရဲ့သား၊ ဝေ့ဆန်းရဲ့ တူဖြစ်တယ်လို့ ဆိုပါတယ်။ ဟိန်းလိ ကုမ္မဏီက ဝေ့ဆန်း ဆိုသူဟာ လက်ရှိ ကိုးကန့်ဒေသကို ကြီးစိုး အုပ်ချုပ်နေတဲ့ စစ်အုပ်စု လက်အောက်ခံ ကိုးကန့် နယ်ခြားစောင့်တပ်ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တယ်လို့ နယ်စပ်ဒေသ ကုန်သည်တွေ၊ ကိုးကန့် စီးပွားရေး သမားတွေနဲ့ ဆက်စပ်သူတွေက ပြောပါတယ်။

ဖူလီလိုက် ကုမ္မဏီက လျို့အပေါက် ရဲ့ ညီ လျို့ကျိမ်ချိ (ဦးမောင်မောင် ခေါ် လျိုကျိန်းချီ) က တလောကပဲ နေပြည်တော်မှာ သူဌေးဘွဲ့ ရထားတာ။ သူက ရေတံခွန်တောင် စီမံကိန်း လုပ်နေတဲ့သူလို့ အမည်မဖော်လိုတဲ့ MFP ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့် ဖူလီလိုက်ကုမ္မဏီ သူဌေး ဦးမောင်မောင် ခေါ် လျိုကျိန်းချီ တို့ မိသားစုဟာ ယခင် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ ဦးခင်ညွှန့်တို့ လက်ထက် ကတည်းက စစ်အုပ်စုနဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဦးမောင်မောင် ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ လက်ရွေးစင် ခရိုနီ (၁၀၀)ထဲမှာ အဆင့် (၂၃)ချိတ်တဲ့ ခရိုနီ တစ်ယောက်ဖြစ်ပြီး နေပြည်တော်နဲ့ ကိုးကန့်ကို လွန်းထိုးသွားလာနေသူ ဖြစ်ကြောင်း Myanmar Now သတင်းဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဦးမောင်မောင်တို့ မိသားစုပိုင်တဲ့ ဖူလီလိုက် ကုမ္မဏီဟာ လွန်ခဲ့တဲ့ နှစ်(၃၀)ကျော် ၁၉၉၉ မှာ စတင် တည်ထောင်ခဲ့ပြီး လက်ရှိ ကိုးကန့်ဒေသနဲ့ ရှမ်းမြောက်တကြောမှာ မသိသူ မရှိလောက်အောင် ကြီးထွားလာတဲ့ စီးပွားရေး လုပ်ငန်းစု ဖြစ်ကြောင်းနဲ့ မြန်မာနာမည်အလင်းပြည့်ဆိုပြီး မှတ်ပုံတင်ထားတဲ့ “Fully Light” ခေါ်ဖူလီလိုက်ကုမ္မဏီဟာ ဟိုတယ်နဲ့ ခရီးသွား၊ ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး စတဲ့ နယ်ပယ်စုံမှာ လုပ်ငန်း ပေါင်းစုံရှိပြီး ဝန်ထမ်း နှစ်သောင်းကို ခန့်ထားတယ်လို့ Myanmar Now သတင်းဌာန က ဖော်ပြပါတယ်။

မန္တလေးရဲ့ အကြီးဆုံး အိမ်ယာစီမံကိန်းဖြစ်တဲ့ ရေတံခွန်တောင်စီးတီး စီမံကိန်း

မန္တလေးမြို့ အရှေ့ဖက် လေးမိုင်ခန့်အကွာ၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည် ကျေးရွာနဲ့ ရေတံခွန်တောင် အနီးက မြေဧက(၅၀၀)မှာ ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်းကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဖွံ့ဖြိုးသစ် ကုမ္မဏီတို့ ပူးပေါင်းပြီး (၂၀၁၉)မှာ စတင် တည်ဆောက်နေပါတယ်။

47295594_1156651657834505_7297297487721660416_n.jpg

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ

တရုတ်မှာ အဖမ်းခံထားရတဲ့ ကိုးကန့်သူဌေး ဦးမောင်မောင်ဟာအဲ့ဒီ ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်းမှာလည်း ဒါရိုက်တာအဖြစ် ပါဝင်နေတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ရေတံခွန်တောင် ဂေါက်ကွင်း ပြအိမ်ယာ စီမံကိန်းကို ဖွံ့ဖြိုးသစ် ကုမ္ပဏီအမည်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပြီး အဲ့ဒီ ဖွံ့ဖြိုးသစ် ကုမ္ပဏီဟာ ၂၀၀၆ နိုဝင်ဘာမှာမှ တည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ ကုမ္ပဏီဟာ အိမ်ခြံမြေလုပ်ငန်းနဲ့ အဓိက အောင်မြင်မှု ရလာတာလို့ ဖွံ့ဖြိုးသစ် ကုမ္မဏီရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။​

ဖွံ့ဖြိုးသစ် ကုမ္မဏီ သူဌေးက မန္တလေးမှာပဲ နေတယ်။ သူက ရေတံခွန်တောင် စီမံကိန်း လုပ်နေပေမယ့် နာမည်ခံ သဘောမျိုးပဲ။ အစုနည်းနည်းပဲ ပိုင်တာ။ အခု တရုတ်မှာ ဖမ်းခံရတဲ့ တစ်ယောက်က ရေတံခွန်တောင် စီမံကိန်းရဲ့ နောက်ကွယ်က သူဌေး။ သူတို့ ပါတနာတွေပေါ့။ အစုအများကြီး ပိုင်တာက အခု အဖမ်းခံရတဲ့သူလို့ ရေတံခွန်တောင် စီးတီး စီမံကိန်းနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိရှိသူ မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက် ကတည်းက ခွင့်ပြုခဲ့တဲ့ ရေတံခွန်တောင် စီမံကိန်းဟာ ဦးမောင်မောင်တို့ ညီအကို ပိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီ စီမံကိန်းကိန်းကို ဦးမောင်မောင်ရဲ့ အကိုအရင်းဖြစ်တဲ့ ဖူလီလိုက် လုပ်ငန်းစု ဥက္ကဋ္ဌလည်းဖြစ်သူ ဦးလီကျိန်းချန်က ဥက္ကဌ အဖြစ် တာဝန်ယူ ထားပါတယ်။ ဦးမောင်မောင် ကိုယ်တိုင်ကလည်း ဖွံ့ဖြိုးသစ် ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။ DICA ရဲ့ စာရင်းအရ ဖွံ့ဖြိုးသစ် ကုမ္ပဏီရဲ့ ဒါရိုက်တာတွေဟာ ဦးမောင်မောင်၊ ဦးစိန်မြင့်၊ ဦးရဲမြင့်၊ ဦးမောင်မောင်သိန်းနဲ့ ဦးရန်နိုင် တို့ ဖြစ်ပါတယ်။

ကိုးကန့်သူဌေး ဦးမောင်မောင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ နဲ့ ၂၀၂၂ တွေမှာ ရေတံခွန်တောင် စီးတီး စီမံကိန်းကို တစ်ကြိမ်မက လာရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပါသေးတယ်။

306162475_448149167332738_5678138511579717953_n.jpg

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ

မန္တလေးတိုင်း အစိုးရနဲ့ ဆက်စပ်သူတွေ၊ လွှတ်တော်အမတ်ဟောင်းနဲ့ ရေတံခွန်တောင် စီမံကိန်းနဲ့ ဆက်စပ်ဖူးသူ တချို့ကို MFP က ဆက်သွယ်မေးမြန်းခဲ့ရာ ရေတံခွန်တောင် စီမံကိန်းကို နောက်ကွယ်က ပိုင်သူဟာ လက်ရှိ တရုတ်မှာ အဖမ်းခံထားရတဲ့ ဦးမောင်မောင်နဲ့ ဖူလီလိုက် ကုမ္မဏီ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

လက်ရှိမှာ ဦးမောင်မောင်တစ်ယောက် တရုတ်မှာ အဖမ်းခံနေရပေမယ့် ဖွံ့ဖြိုးသစ် ကုမ္မဏီကတော့ ရေတံခွန်တောင် စီးတီး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာအနီး၊ ရေတံခွန်တောင် ဂေါက်ကွင်းဧရိယာ မြေဧက (၅၀၀)ကျော်မှာ ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း လုပ်ကိုင်ဖို့ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးရဲမြင့်က ဖွံ့ဖြိုးသစ် ကုမ္မဏီကို လုပ်ကိုင်ခွင့် ချပေးခဲ့တာ ဖြစ်ပါတယ်။

ရေတံခွန်တောင်ဂေါက်ကွင်း အဆင့်မြင့်အိမ်ယာ စီမံကိန်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ဖွံ့ဖြိုးသစ်ကုမ္မဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ ပြည်ခိုင်ဖြိုး အစိုးရ သက်တမ်းကုန်ခါနီး ၂၀၁၆ နှစ်ဆန်းပိုင်းမှာ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ကြောင်းနဲ့ အဲ့ဒီ စီမံကိန်း လုပ်ကိုင်ဖို့ ၂၀၁၇ ဇန်နဝါရီမှ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC)က ခွင့်ပြုချက်ရခဲ့တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၂၁ မန္တလေးတိုင်း လွှတ်တော်တွင်း ဆွေးနွေးချက်တွေ၊ တိုင်းအစိုးရရဲ့ နှစ်စဥ် အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ရေတံခွန်တောင်စီးတီး စီမံကိန်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ကျပ်သန်း (၄၀,၀၀၀) ဖြစ်ပါတယ်။ စီမံကိန်းမှာ အဓိကအားဖြင့် အပိုင်း နှစ်ပိုင်း ပါဝင်ပြီး ပထမအပိုင်းအဖြစ် မြေဧက(၃၃၀)ပေါ်မှာ B.O.T (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်နဲ့ ရေတံခွန်တောင် ဂေါက်ကွင်းနဲ့ အပန်းဖြေ အားကစား ဥယျာဉ် လုပ်ငန်း လုပ်ပိုင်ခွင့်ပြုတာ၊ ဒုတိယပိုင်းအဖြစ် မြေ(၁၉၇ဒသမ၆) ဧကပေါ်မှာ ရေတံခွန်တောင် စီးပွားရေးနဲ့ လူနေ အဆောက်အအုံတွေ တည်ဆောက်ငှားရမ်းတဲ့ လုပ်ငန်းတို့ ပါဝင်တယ်လို့ တိုင်းလွှတ်တော် အစည်းအဝေး မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

ရေတံခွန်တောင် ဂေါက်ကွင်း အဆင့်မြင့်အိမ်ယာ စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအတွက် ပိုမို အခွန်အခ ရဖို့နဲ့ ဒေသခံတွေကို ပိုမို အကျိုးပြုစေဖို့ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၂၁ တိုင်းလွှတ်တော် အစည်းအဝေးတွေမှာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဖွံ့ဖြိုးသစ် ကုမ္မဏီတို့ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက်အလက်တွေကို ပြင်ဆင်နိုင်ဖို့ ကြိုးစားတာ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ရေတံခွန်တောင် ဂေါက်ကွင်း အိမ်ယာ ဖွံ့ဖြိုးရေး စီမံကိန်းဟာ ပြည်ခိုင်ဖြိုး အစိုးရ သက်တမ်း ကုန်ခါနီး နီးစပ်သူတွေကို ချပေးခဲ့တဲ့ မန္တလေးတိုင်းအတွင်းက တခြား စီမံကိန်းတွေလိုပဲ စာချုပ်ပါ အချက်အလက်တွေ ပြင်ဆင်နိုင်မှ အစိုးရနဲ့ ပြည်သူအတွက် ပိုမို အကျိုးရှိမယ်လို့ တိုင်းလွှတ်တော်အတွင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

52598964_1216892541810416_5182766486673948672_n.jpg

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ က ကျင်းပစဉ်/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ က ကျင်းပစဉ်/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ

ရေတံခွန်တောင် စီမံကိန်း မြေဧက(၅၀၀)ကျော်ဟာ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ရွာ စိုက်ကွင်းထဲ ပါဝင်ပြီး ရေကြည်ရွာက ဒေသခံပြည်သူတွေ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာတဲ့ မြေယာတွေ ဖြစ်ကြောင်းနဲ့ ၁၉၉၇ ခုနှစ်မှာ စစ်တပ်က ရေတံခွန်တောင်ဂေါက်ကွင်း လုပ်ဖို့အတွက် ဆိုပြီး လျှော်ကြေးမပေးဘဲ မြေယာတွေ သိမ်းယူခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ က အဲ့ဒီ ရေတံခွန်တောင် စီမံကိန်း စတင် လုပ်ကိုင်ဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ခြံစည်းရိုး ခတ်ရာမှာ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး စည်ပင်က ဒေသခံ ပြည်သူတချို့ကို ဖမ်းဆီး တရားစွဲ ခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်က အဲ့ဒီ ရေကြည်ရွာ အနီးက မြေတွေဟာ တစ်ဧက ကျပ်သန်း (၅၀၀)အထိ စျေးပေါက်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ရေတံခွန်တောင်စီးတီး စီမံကိန်း လုပ်ကိုင်နေတဲ့ ဖွံ့ဖြိုးသစ် ကုမ္မဏီကတော့ စီမံကိန်း လုပ်ငန်းတွေကို ၂၀၂၅ ခုနှစ်မှာ ပြီးစီးဖို့ လျာထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေတံခွန်တောင်စီးတီး စီမံကိန်းအဖြစ် မြေဧက(၂၀၀)ပေါ်မှာ လူနေအိမ်ယာ၊ နိုင်ငံတကာအဆင့် ဆေးရုံနဲ့ စာသင်ကျောင်း၊ ဈေးဝယ်စင်တာ၊ ကြယ်လေးပွင့်အဆင့် ဟိုတယ်တစ်လုံးနဲ့ ကြယ်သုံးပွင့်အဆင့် ဟိုတယ် စတာတွေ ပါဝင်မယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာ ရေတံခွန်တောင် စီးတီး စီမံကိန်းထဲက အိမ်ယာ (Villa) တချို့ကို စတင်ရောင်းချနေပြီ ဖြစ်ကြောင်းလည်း ဖွံ့ဖြိုးသစ် ကုမ္မဏီက ထုတ်ပြန်ထားပါတယ်။

52766835_1216892245143779_6572560668925362176_n.jpg

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ က ကျင်းပစဉ်/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ

မန္တလေး ရေတံခွန်တောင် ဂေါက်ကွင်း မြို့ပြအိမ်ယာ စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ က ကျင်းပစဉ်/Photo - ဖွံ့ဖြိုးသစ် ကုမ္ပဏီ

ရေတံခွန်တောင် ဂေါက်ကွင်း အိမ်ယာ စီမံကိန်းဟာ မန္တလေးမြို့ရဲ့ အကြီးဆုံး စီမံကိန်းတွေထဲက တစ်ခုဖြစ်ပြီး မန္တလေး မြို့သာ စက်မှုဇုန်၊ အမရပူရ မြို့ပြ စီမံကိန်း (ရှမ်းကလေးကျွန်း စီမံကိန်း)၊ မင်္ဂလာ မန္တလေး စီမံကိန်းနဲ့ New Mandalay အိမ်ရာ စီမံကိန်းတို့နဲ့အတူ မန္တလေးတိုင်း ဖွံ့ဖြိုးရေးအတွက် ရည်မှန်းထားတဲ့ စီမံကိန်းကြီး ငါးခုထဲက တစ်ခု ဖြစ်တယ်လို့ တိုင်းလွှတ်တော်တွင်း ဆွေးနွေးချက်တွေမှာ ဖော်ပြထားပါတယ်။

ဖူလီလိုက် ကုမ္မဏီ သူဌေး ဦးမောင်မောင် အပါအဝင် ကိုးကန့်က သူဌေး (၁၁)ဦးကို တရုတ်အစိုးရက ဖမ်းဆီးတာဟာ ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက် နေတာကြောင့်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

MFP ရဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်အစိုးရက နှိမ်နင်းလိုပြီး ဝ၊ မိုင်းလား စတဲ့ အဖွဲ့တွေက တရုတ်နဲ့ ပူးပေါင်း လုပ်ကိုင်ပေမယ့် ကိုးကန့်အဖွဲ့က တရုတ်နဲ့ မပူးပေါင်းတာကြောင့် အခုလို အဖမ်းခံရတာလို့ ဆိုပါတယ်။

အရေးအကြီးဆုံး အချက်အဖြစ် ကျားဖြန့် လုပ်ငန်းတွေကို စုံစမ်းထောက်လှမ်းဖို့ တရုတ်ရဲနဲ့ တရုတ် ထောက်လှမ်းရေးတချို့ ကိုးကန့်ဒေသထဲ ဝင်ရောက်သွားချိန် အဆက်အသွယ်ပြတ် ပျောက်ဆုံးတာ၊ လက်စဖျောက် ခံရတာမျိုးတွေ ရှိလာပြီးနောက် တရုတ်အစိုးရက အခုလို ကိုးကန့် သူဌေးတွေကို ဖမ်းဆီးတာ ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။ အဲ့ဒီ ပြောဆိုချက်အပေါ် MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

319146188_585872450209351_2318935315050293295_n.jpg

၂၀၂၂ ဒီဇင်ဘာ(၁၀)ရက်‌က မန္တလေးမှာ ပညာသင်နေတဲ့ ကိုးကန့်ဒေသ ကျောင်းသားကျောင်းသူတွေကို လာရောက် တွေ့ဆုံခဲ့တဲ့ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဖူလီလိုက် သူဌေး ဦးမောင်မောင်/Photo - ကိုးကန့်သတင်း

၂၀၂၂ ဒီဇင်ဘာ(၁၀)ရက်‌က မန္တလေးမှာ ပညာသင်နေတဲ့ ကိုးကန့်ဒေသ ကျောင်းသားကျောင်းသူတွေကို လာရောက် တွေ့ဆုံခဲ့တဲ့ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဖူလီလိုက် သူဌေး ဦးမောင်မောင်/Photo - ကိုးကန့်သတင်း

တရုတ်က ကိုးကန့်သူဌေးတွေကို ဖမ်းပြီး တစ်ပါတ်အကြာ အောက်တိုဘာ(၇)ရက်မှာတော့ အဲ့ဒီ ဖမ်းဆီးခံထားရသူတွေနဲ့ ဆက်စပ်တဲ့၊ စစ်အုပ်စု လက်အောက်ခံ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့က ကိုးကန့်ဒေသတွင်း တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၇)ဦးကို ဖမ်းပြီး တရုတ်ရဲထံ ပြန်လွှဲပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ တရုတ်က ဖမ်းထားတဲ့ ကိူးကန့်သူဌေး (၁၁)ဦးထဲက တစ်ဦးရဲ့ မိသားစုက ဖမ်းဆီးခံရသူ (၁၁)ဦး ပြန်လွှတ်ရေး တရုတ်ထံ အရေးဆိုပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တောင်းဆို ထားတယ်လို့လည်း Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိအချိန်ထိတော့ ကိုးကန့် သူဌေး (၁၁)ယောက်ကို တရုတ်က ဘာကြောင့် ဖမ်းပြီး ဘယ်မှာ ချုပ်နှောင် ထားတယ် ဆိုတာကို တရားဝင် သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

319155217_585872250209371_1680016652762622245_n.jpg

၂၀၂၂ ဒီဇင်ဘာ(၁၀)ရက်‌က မန္တလေးမှာ ပညာသင်နေတဲ့ ကိုးကန့်ဒေသ ကျောင်းသားကျောင်းသူတွေကို လာရောက် တွေ့ဆုံခဲ့တဲ့ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဖူလီလိုက် သူဌေး ဦးမောင်မောင်/Photo - ကိုးကန့်သတင်း

၂၀၂၂ ဒီဇင်ဘာ(၁၀)ရက်‌က မန္တလေးမှာ ပညာသင်နေတဲ့ ကိုးကန့်ဒေသ ကျောင်းသားကျောင်းသူတွေကို လာရောက် တွေ့ဆုံခဲ့တဲ့ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဖူလီလိုက် သူဌေး ဦးမောင်မောင်/Photo - ကိုးကန့်သတင်း

အဲ့ဒီ ကိုးကန့်သူဌေး (၁၁)ဦးကို ဖမ်းဆီးကြောင်း တရုတ်ရဲက ကိုးကန့်ဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ကို အကြောင်းကြား ထားတယ်လို့ ယူဆရတဲ့ စာထဲမှာတော့အောက်တိုဘာ(၁)ရက် နံနက်ပိုင်းတွင် ကိုးကန့်ကိုယ်ပိုင် ချုပ်ရ ဒေသမှ ဝေချင်းထောင်၊ လျိကျိန်းချီ၊ ပိဟွေကျွင်း ခေါ် ရန်လောက်ပီ၊ တိန်ကျီးတာ၊ ကျိုရှောက်ခိုက်၊ ဝင်းချောက်နိန်း၊ စူးဟုန်းရှန်း၊ လိအားဖူး၊ လျိုစွတ်နိန်း၊ ချွေးစောက်ပန်း ခေါ် ချဲအိုက်ဟွာ၊ ဝီလင်းကော် စသည့် သူများသည် တရုတ်နိုင်ငံ၏ သက်ဆိုင်သည့် ဥပဒေ စည်းမျဉ်းများကို ချိုးဖောက်သည့် ယူဆသည့် အတွက်ကြောင့် တရုတ် ရဲတပ်ဖွဲ့မှ ဥပဒေနဲ့အညီ ဖမ်းဆီး ချုပ်နှောင်ထားပါသည်။ လက်ရှိ အခြေအနေတွင် တရုတ်ဘက်မှ ဥပဒေအရ အမှုများကို စစ်ဆေးနေပါသည်လို့ ဖော်ပြထားပါတယ်။

319279047_585872340209362_898216136541233238_n.jpg

၂၀၂၂ ဒီဇင်ဘာ(၁၀)ရက်‌က မန္တလေးမှာ ပညာသင်နေတဲ့ ကိုးကန့်ဒေသ ကျောင်းသားကျောင်းသူတွေကို လာရောက် တွေ့ဆုံခဲ့တဲ့ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဖူလီလိုက် သူဌေး ဦးမောင်မောင်/Photo - ကိုးကန့်သတင်း

၂၀၂၂ ဒီဇင်ဘာ(၁၀)ရက်‌က မန္တလေးမှာ ပညာသင်နေတဲ့ ကိုးကန့်ဒေသ ကျောင်းသားကျောင်းသူတွေကို လာရောက် တွေ့ဆုံခဲ့တဲ့ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဖူလီလိုက် သူဌေး ဦးမောင်မောင်/Photo - ကိုးကန့်သတင်း

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ