MFP ၊ စက်တင်ဘာ - ၈
မန္တလေးတိုင်း အမရပူရမြို့နယ် စားတော်ကျေးရွာက ယက္ကန်းရုံတစ်ရုံ မနေ့က ညဦးပိုင်းမှာ ဗုံးထု တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
စက်တင်ဘာ(၇)ရက် ည(၇)နာရီကျော်က အမရပူရမြို့နယ်၊ စာတော်ကျေးရွာအုပ်စု၊ လိပ်ဆံတင်းရပ်က ယက္ကန်း အထည်ဆိုင်ကို PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးနဲ့ လာပြီး လက်လုပ်မိုင်းနဲ့ ပစ်ပေါက်လို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ စစ်အုပ်စုက ဆိုပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုကြောင့် အသက်(၆၇)နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ခြေထောက်ပြတ် ဒဏ်ရာရကာ သေဆုံးခဲ့ပြီး ယက္ကန်းရုံပိုင်ရှင် အသက်(၅၀)ကျော်အရွယ် အမျိုးသားနှင့် အမျိုးသမီး၊ အသက်(၃၀)ကျော်အရွယ် အမျိုးသမီးတို့ ခြေ၊လက်နှင့် ကိုယ်ခန္ဓာတွေမှာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ယက္ကန်းရုံ ပိုင်ရှင်ဟာ PDF တွေအကြောင်း စစ်အုပ်စုကို သတင်းပေးနေသူ ဖြစ်သလို စစ်အုပ်စုနဲ့ပေါင်းပြီး ဒေသခံ ပြည်သူတွေကို ပြဿနာရှာတာတွေ ရှိတဲ့အတွက် ဗုံးထုတိုက်ခိုက်ခဲ့တာလို့ မြစ်ငယ် MN PDF အမျိုးသမီးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အဲဒီ ယက္ကန်းရုံပိုင်ရှင် မိသားစုနှင့် ညီအကိုတွေဟာ စစ်အုပ်စုရဲ့ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ နေပြည်တော်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဖြစ်သူ ညီညီထွန်းနှင့် ရုရှားပြန်ဗိုလ်ကြီးဆိုသူ ကျော်မင်းထွန်းတို့ရဲ့ ညီအစ်ကိုအရင်း တော်စပ်သူလည်း ဖြစ်တာကြောင့် ဗုံးထု တိုက်ခိုက်ခဲ့တာလို့ မြစ်ငယ် MN PDF က ဆိုပါတယ်။
“အေးချမ်းစွာ နေထိုင်နေသော ပြည်သူများကို စကစ နှင် ပူပေါင်း၍ ပြဿနာရှာ ဒုက္ခပေးခြင်း၊ PDF သတင်း အချက်အလက်များကို အားရဝမ်းသာ စခ၊ ရခများဆီကို သတင်းပေး တိုင်ကြားခြင်းကြောင့် မန္တလေးတိုင်း အမရပူရမြို့နယ် စာတော်ကျေးရွာအုပ်စု စာတော်ကျေးရွာတွင် နေထိုင်သော ….. ယက္ကန်းနှင့် အထည်ချုပ်စက်ရုံ ကို ယခုလို အရေးယူ ဆောင်ရွက်ခဲ့ပါသည်။ အခြားသော စကစ လက်ပါးစေများလည်း စကစ နှင့် ဆက်လက် ပူးပေါင်းနေပါက နောက်တကြိမ် သင့်တို့အိမ်ကိုလည်း ယခုလို လျှက်စား ပုလင်းများ လာရောက် ဝေမျှ တိုက်ကျွေးပါအုံးမည်။ ယက္ကန်းနှင့် အထည်ချုပ်စက်ရုံ မိသားစု ညီကိုမောင်နှများသည် စကစ ရဲ့ လက်ကိုင်တုတ်များ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မပတ်သက်ဘဲ Boycott လုပ်ပေးကြဖို့ တောင်းဆို ချင်ပါတယ်” လို့ MN PDF အဖွဲ့က ဗိုလ်ဖောင်းဒိုင်းက ဆိုပါတယ်။
စစ်အုပ်စုဟာ အမရပူရ အပါအဝင် မန္တလေးမြို့မှာ ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သ-တ်-ဖြတ် အကြမ်းဖက် နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စကစတွေ၊ စစ်အုပ်စုနှင့် ဆက်စပ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဗုံးထုခံရတဲ့ အမရပူရမြို့နယ်က ယက္ကန်းရုံ/Photo – S
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #ယက္ကန်းရုံ #ဗုံးထု
အမရပူရက ယက္ကန်းရုံတစ်ရုံ ဗုံးထုခံရပြီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရ၊ စစ်အုပ်စု သတင်းပေး၊ ရှရှားပြန် ဗိုလ်ကြီး မိသားစုမို့ တိုက်ခိုက်တာလို့ မြစ်ငယ် အမျိုးသမီး PDF ထုတ်ပြန်၊၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024