မိုးကုတ်မှာ တိုက်ပွဲ ဖြစ်၊ မိုင်းငါးလုံးနဲ့ ဖောက်ခွဲပြီး စစ်ကားထဲ ဗုံးပစ်သွင်းနိုင်ခဲ့ဟုဆို၊

မိုးကုတ်မှာ တိုက်ပွဲ ဖြစ်၊ မိုင်းငါးလုံးနဲ့ ဖောက်ခွဲပြီး စစ်ကားထဲ ဗုံးပစ်သွင်းနိုင်ခဲ့ဟုဆို၊

MFP ၊ သြဂုတ် - ၂၉

မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ လောင်းစဉ်‌၊ ရေဝေ စတဲ့ ရွာဘက်မှာ ဒီနေ့ သြဂုတ်(၂၉)ရက် မနက်(၈)နာရီက စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကားတစ်စီးပေါ် ဗုံးပစ်သွင်း နိုင်ခဲ့တာကြောင့် စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ မိုးကုတ်အခြေပြု (၁၂၂၂)တပ်ရင်းက သတင်း ထုတ်ပြန်ပါတယ်။

“မိုးကုတ်အခြေပြုတပ်ရင်း (၁၂၂၂) နှင့် စကစတပ်ရင်းများ ထိတွေ့မှု ဖြစ်ပွားခဲ့ပါသည်။ စကစ ကားတစ်စီးပေါ် လက်ပစ်ဗုံး တစ်လုံး ပစ်သွင်းနိုင်ခဲ့ပြီး မိုင်းငါးလုံး ဖောက်ခွဲနိုင်ခဲ့ပါသည်။ စကစများဘက်မှ အထိအခိုက် ရှိပါသည်။ မိမိတို့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ မိုးကုတ်အခြေပြု (၁၂၂၂)တပ်ရင်းက ဖော်ပြပါတယ်။

မိုးကုတ်မြို့နယ်ထဲ ဒီမနက်ပိုင်း ပြည်သူ့လွတ်မြောက်ရေးတပ် - PLA ၊ PDF မိုးကုတ်ဗျူဟာ တပ်ဖွဲ့တွေနှင့် စစ်အုပ်စုကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ PLA ကလည်း ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်သံတချို့ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပြီး အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

မိုးကုတ်မြို့ အခြေပြု Red Wolves Of Mogok ကလည်း ဒီမနက်ပိုင်း မိုးကုတ်မြို့ပြင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက် ထုတ်ပြန်မယ်လို့ ဆိုထားပါတယ်။

မိုးကုတ်နယ်ထဲ စစ်အုပ်စုရဲ့ လှုပ်ရှားမှုတွေကို ဒေသခံတွေက နီးစပ်ရာ ကာကွယ်ရေး တပ်ဖွဲ့တွေထံ သတင်းပေးကြဖို့လည်း Red Wolves Of Mogok က အကူအညီ တောင်းထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၃)ရက်ကလည်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်အစပ်၊ မိုးမိတ်မြို့အဝင်နားက အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ (၃၄၈)တပ်ရင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီမနက်ပိုင်း မိုးကုတ်မြို့နယ်ထဲ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ PLA ရဲဘော်တချို့/Photo – PLA

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိုးကုတ် #PLA #RedWolvesofMogok

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ