စစ်မိစ္ဆာဆိုး​တွေကြောင့် ဘယ်တော့မှ လူမစုံနိုင်တော့တဲ့ အညာက မိသားစု ထမင်းဝိုင်း

စစ်မိစ္ဆာဆိုး​တွေကြောင့် ဘယ်တော့မှ လူမစုံနိုင်တော့တဲ့ အညာက မိသားစု ထမင်းဝိုင်း

MFP ၊ အောက်တိုဘာ (၂၁)

ဒီအဖေနဲ့ ဒီသမီး။ ဒီမိသားစုတွေ တစ်ယောက်ကို တစ်ယောက် ချစ်ခင် သံယောဇဉ်ကြီးတာ တစ်ရွာလုံးက သိကြပါတယ်။ တစ်ဦးတည်းသော သမီးလေးကို ဖခင်ဖြစ်သူက အလိုလိုက်သလို သမီးကလည်း အမေထက် အဖေကို ပိုချစ်ပြပါတယ်။ ဒါပေမယ့် သူတို့ မိသားစုကို အာဏာသိမ်း စစ်အုပ်စုက ဖြိုခွင်းဖျက်ဆီးလိုက်ပါတယ်။ စစ်အုပ်စုက သမီးလေး ရွှေရွှေရဲ့ ဖခင် ဦးမောင်တာကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီးနောက် သတ်ဖြတ်လိုက်ပါတယ်။

“သမီးမှာ ဒီမိသားစုသုံးယောက်လေး ရှိတာ။ သူတို့က ဖေဖေ့ကို သတ်လိုက်တော့ သမီးရင်ထဲမှာ သူတို့ကို ပြန်သတ်ချင်တဲ့ စိတ်တွေပေါ်သွားတယ်” လို့ အသက်(၁၂) နှစ်အရွယ် ငါးတန်းကျောင်းသူလေး ရွှေရွှေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မကွေးတိုင်း မြိုင်နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဝင်မွှေလုယက် သောင်းကျန်းခဲ့ပါတယ်။ စစ်အုပ်စုက ရွာထဲမဝင်ခင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ပြည်သူတွေ ထွက်ပြေးချိန်မှာ တရွာလုံးက အိမ်တွေကို မွှေနှောက်ဖောက်ထွင်းပြီး တန်ဘိုးကြီး ပစ္စည်းတွေ ခိုးယူပါတယ်။

အဲ့ဒီနောက် ခိုးရာပါ ပစ္စည်းတွေ သယ်ခိုင်းဖို့နဲ့ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချဖို့ ထွက်ပြေးနေတဲ့ ဒေသခံရွာသား(၂၀)ကျော်ကို ဖမ်းဆီးပါတယ်။ စစ်အုပ်စုရဲ့ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေထဲမှာ မိသားစုနဲ့အတူ ထွက်ပြေးပုန်းရှောင်နေတဲ့ သမီးလေး ရွှေရွှေရဲ့ ဖခင် ဦးမောင်တာလည်း ဖမ်းဆီးခေါ်ဆောင်ခံရပါတယ်။

အဖေဖြစ်သူကို လာဖမ်းတုန်းက စစ်ဗိုလ်တစ်ယောက်က “မငိုနဲ့၊ ညည်းအဖေကို လက်ဖျားနဲ့တောင် မထိဘူးလို့” သူ့ကို သေချာပြောသွားခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ သတ်ပစ်လိုက်ကြတာကြောင့် စစ်တပ်က သူ့ကို လိမ်သွားတယ်လို့ သမီးလေး ရွှေရွှေ က ပြောပါတယ်။

စစ်အုပ်စုဟာ ဦးမောင်တာ အပါအဝင် ဒေသခံပြည်သူ (၂၀)ကျော်ကို ဓားစာခံ လူသားဒိုင်းအဖြစ်နဲ့ရော ခိုးရာပါ ပစ္စည်း ထမ်းပိုးဖို့အတွက်ပါ ဖမ်းခေါ်သွားပြီးနောက် တစ်ပါတ်အတွင်းမှာပဲ ဦးမောင်တာနဲ့ တခြားရွာခံတစ်ဦးကို ကိုယ့်သေတွင်းကိုယ်တူးခိုင်းပြီး သတ်ဖြတ်လိုက်ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားပြီး လေးရက်မြောက်နေ့မှာ စစ်တပ်ရဲ့ သတ်ပြစ်တာကို ခံခဲ့ရတာ ဖြစ်တယ်လို့ အသတ်ခံခဲ့ရသူ ဦးမောင်တာရဲ့ အမျိုးသမီး ဒေါ်စိန်က ပြောပါတယ်။

“လက်ဖျားနဲ့တောင် မတို့ဘူးဆိုပြီး ပြောသွားတာပါတော့။ လေးရက်မြောက်နေ့ကျ သတ်ပြစ်တယ်လို့ ကြားရတာပါတော့။ အတူပါသွားတဲ့သူတွေက ကိုမောင်တာကြီးနဲ့တူတယ်ဆိုပြီး ဖုန်းဆက်ပြောတာ။ ပြန်ကြည့်ရတော့မှ ကိုမောင်တာကြီး သေတာ ပြန်သိရတာပါတော့ “ လို့ သူမက ပြောပါတယ်။

ဦးမောင်တာကို စစ်တပ်က ပစ်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး တခြား ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းခေါ်ခံရသူတွေလည်း မျက်မြင်နီးပါး တွေ့ရှိခဲ့ကြပါတယ်။ စစ်အုပ်စုရဲ့ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်ခံရပြီး အသက်မသေဘဲ ပြန်လွတ်လာတဲ့ ဦးမောင်တာနဲ့ တစ်ရွာတည်းသား ကိုသံခဲကတော့ စစ်အုပ်စုဟာ ကိုမောင်တာနဲ့ ကိုဌေးလွင် ဆိုသူတို့ကို မသတ်ခင် ကျင်းအရင်တူးခိုင်းပြီးမှ သတ်တာလို့ ပြန်ပြောပြပါတယ်။

“ကျနော်တို့(ပေါ်တာဆွဲခံထားရသူ)သုံးယောက်ကို ကျင်းတူးခိုင်းတာ ဓားစာခံနှစ်ယောက် မြှုပ်စရာရှိတယ်ဆိုပြီးပြောလို့ တူးပေးရတာ။ ကျင်းတူးပြီးတော့ သတ်မယ့်နှစ်ယောက်ကို ဆက်တူးခိုင်းတယ်…အဲ့နှစ်ယောက်ကလည်း ကိုယ့်အရပ်သားတွေ ဖြစ်နေတာပါ။ ကိုထီးလိုနဲ့ ကိုမောင်တာ ဖြစ်နေတယ်။ ခနနေတော့ ကိုယ်တွေကို ခနရှောင်ခိုင်းတယ်။ အသံတော့ ကြားလိုက်ရတယ် ဒိုင်းဒိုင်းနဲ့။”

စစ်အုပ်စုက သေဆုံးသူ ဦးမောင်တာ၊ ဦးဌေးလွင်နဲ့ ပြန်လွတ်လာသူ ကိုသံခဲ အပါအဝင် ဒေသခံ ရွာသား(၂၀)ကျော်ကို စတင်ဖမ်းဆီးချိန်က နှစ်ရက်ကြာရင် ပြန်လွှတ်ပေးမယ်လို့ ပြောဆိုတာကြောင့် ကိုမောင်တာနဲ့ ကိုဌေးလွင်တို့က သူတို့ရဲ့ မိသားစုတွေကို စိုးရိမ်တဲ့အတွက် ပြန်ခွင့်ပြုဖို့ တောင်းဆိုရာမှာ အခုလို ကိုယ့်သေတွင်းကိုယ်တူးခိုင်းပြီး သတ်လိုက်တာလို့ ပြန်ပြောပြပါတယ်။

ကိုသံခဲဟာ ဦးမောင်တာတို့နဲ့အတူ အဖမ်းခံရပြီး အသက်မသေဘဲ ပြန်လွှတ်လာပေမယ့် (၁၉)ရက်ကြာ အဓမ္မ အခိုင်းစေခံရတာနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် လက်ရှိမှာ ခန္ဓာကိုယ်အောက်ပိုင်း သေပြီး မလှုပ်မရှားနိုင်တော့ဘဲ ဒက္ခိတ ဖြစ်နေရသူပါ။

“ရွာတိုင်းလိုက်ခဲ့ရတယ်၊ စစ်သားတွေက သူပုန်တွေဆိုပြီး ရွာတွေမှာ မီးရှို့တာ၊ ခိုင်းတာတွေလုပ်ရတယ်၊ သူတို့ကျွေးတာတွေ စားရတယ်၊ ခိုင်းတာလုပ် ကျွေးတာစား ပြန်မပြောနဲ့ ထွက်မပြေးနဲ့ မဟုတ်ရင်ပစ်သတ်မှာလို့ ပြောတယ်"

ဦးမောင်တာကို စစ်အုပ်စုက ဖမ်းခေါ်သွားပြီးနောက် သားအမိနှစ်ယောက် တောထဲမှာ ရှောင်တိမ်းပုန်းခိုနေရင်း တခြားရွာက အသိမိတ်ဆွေတစ်ဦးက သူတို့ရွာအနီးမှာ မြေမြုပ်ထားတဲ့ အလောင်းနှစ်လောင်း တွေ့ရှိကြောင်းနဲ့ တစ်လောင်းဟာ ဦးမောင်တာ ဖြစ်တယ်လို့ ဖုန်းဆက်ပြီး ပြောပြခဲ့တာလို့ ဇနီး ဒေါ်စိန်စိန်က ဖြစ်စဉ်ကို ပြောပြပါတယ်။

“လက်ဖျားနဲ့တောင်မတို့ဘူး ပြန်လွှတ်မယ်လို့ပြောပြီး ခေါ်သွားတာ။ အဲ့တော့ကျ ကျုပ်က ယုံစားပြီး ကျုပ်ယောက်ျား လာမယ့်ရက်ကို မျှော်နေတာပေါ့။ တစ်ရက်နဲ့ တစ်ရက်… တစ်ညနဲ့တစ်ည။ ဘယ်အချိန် အိမ်ပြန်လာမလည်း စောင့်နေရင်းကနေ အသတ်ခံရတဲ့ သတင်းကို ကြားခဲ့ကို မသိသေးချိန်မှာ ဘယ်အချိန်ပြန်လာမလဲ အချိန်တိုင်း စောင့်နေခဲ့ရတာ” လို့ ဒေါ်စိန်စိန်က ပြောရင်း မျက်ရည်တွေ စီးကျလာပါတယ်။

သမီးလေး ရွှေရွှေကတော့ သူ့ဖခင်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ကို ဖြစ်နိုင်ရင် ပြန်သတ်ချင်တယ်လို့ ပြောပါတယ်။

“သမီးဖေဖေ့ကို မပြုစုလိုက်ရဘူး၊ ဖေဖေ့မျက်နှာကိုလည်း မမြင်လိုက်ရဘူး၊ ဖေဖေ့ကို သတ်လိုက်လို့ သမီးစိတ်ထဲ သူတို့ကို ပြန်သတ်ချင်တယ်၊ သမီးစိတ်ထဲ သူတို့ကို ခံပြင်းလွန်းလို့။” လို့ အသက်(၁၂)နှစ်အရွယ် သမီးလေးက ပြောပါတယ်။

ဖခင်က ကျောင်းစာကို ဆက်သင်စေချင်ပေမယ့်လည်း မိခင်နဲ့ ခွဲရမှာ စိုးရိမ်တာ၊ အမေတစ်ယောက်တည်း ရုန်းကန်နေရတာမျိုး မဖြစ်စေချင်လို့ ကျောင်းမနေတော့ဘဲ အမေ့အနားမှာပဲ နေတော့မယ်လို့ သမီးလေး ရွှေရွှေက ဆိုပါတယ်။

“ဖေဖေက အခုလိုဖြစ်သွားတော့ သမီး ကျောင်းမတက်ချင်တော့ဘူး။ သမီးမေမေကိုလည်း သမီးအဆုံးရှုံးမခံနိုင်ဘူး” လို့ ပြောပါတယ်။

အခုလို စစ်တပ်က အပြစ်မရှိတဲ့ သူ့အဖေကို သတ်သွားတာကြောင့် သူကိုယ်တိုင်လည်း အဖေခေါ်စရာ မရှိတော့တဲ့အပြင် မိခင်ဖြစ်သူမှာလည်း ယောက်ျားခေါ်စရာ မရှိဖြစ်သွားခဲ့ရပြီမို့ ဒီလို အပြစ်မရှိတဲ့ သူတွေကို ထပ်မသတ်ကြဖို့ စစ်သားတွေကို ပြောချင်ပါတယ်လို့ ရွှေရွှေက ပြောပါတယ်။ စစ်သားတွေမှာလည်း မိသားစုတွေရှိမှာဖြစ်လို့ မိသားစုချင်း ကိုယ်ချင်းစာကြဖို့ကိုလည်း အခုလို ထည့်ပြောပါတယ်။

“စစ်သားတွေကို မသတ်ကြပါနဲ့တော့လို့ တောင်းပန်ချင်ပါတယ်။ သမီးဖေဖေကို အခုလိုသတ်လိုက်တဲ့အချိန် သူတို့မှာလည်း သားသမီးတွေရှိမယ်။ သူတို့အသတ်ခံရတယ်လို့ သူတို့သားသမီးတွေ သိရင်လည်း ဝမ်းနည်းမယ်။ သူတို့မှာ ဖအေ ငတ်မယ်။ သူတို့ကလေးတွေလည်း အဲ့လိုခံစားရမယ်။ သမီးမှာဆို အဖေလည်း ငတ်တယ်။ မေမေလည်း မုဆိုးမဖြစ်ရတယ်။” လို့ ရွှေရွှေက ပြောပါတယ်။

ပူပူနွေးနွေး မုဆိုးမဖြစ်ခဲ့ရသူ ရွှေရွှေ့မိခင်ဒေါ်စိန်ကလည်း စစ်သားတွေအနေနဲ့ ကိုယ်ချင်းစာစိတ်ရှိကြဖို့ ၊ အပြစ်မရှိသူ ပြည်သူတွေကို အကျိုးအကြောင်း အစစ်အဆေးမရှိ စိတ်ရှိတိုင်း သတ်ဖြတ်နေတာ ဆက်မလုပ်ကြဖို့နဲ့ ကိုယ်ချင်းစာစိတ်တွေ ရှိပေးကြဖို့ စစ်တပ်တာဝန်ရှိသူတွေကို ပြောချင်တယ်လို့ ပြောပါတယ်။

============================================================

#MandalayFreePress #MFP #စစ်ကိုင်း #မန္တလေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ