မန္တလေးမှာ ဘုန်းကြီးကျောင်းဘေး ဖွင့်ထားတဲ့ စျေးဆိုင်နဲ့ အဆောက်အဦးတွေကို ဖျက်သိမ်းခိုင်း၊

မန္တလေးမှာ ဘုန်းကြီးကျောင်းဘေး ဖွင့်ထားတဲ့ စျေးဆိုင်နဲ့ အဆောက်အဦးတွေကို ဖျက်သိမ်းခိုင်း၊

MFP ၊ နိုဝင်ဘာ - ၁၀

မန္တလေးမြို့မှာ ဒီမနက်ပိုင်း ဘုန်းကြီးကျောင်းတွေဘေး ဖွင့်ထားတဲ့ စျေးဆိုင်တွေနဲ့ အဆောက်အဦးတွေ ဖယ်ရှား ဖျက်သိမ်းပေးရတယ်လို့ သတင်း ရရှိပါတယ်။

မြို့နယ်သံဃနာယက အဖွဲ့,နှင့် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်တွေ ဦးဆောင်ပြီး ဘုန်းကြီးကျောင်း အုတ်တံတိုင်းဘေး အမှီပြု ဖွင့်လှစ်ထားတဲ့ စျေးဆိုင်နှင့် အဆောက်အဦးတွေ ဖယ်ရှားခိုင်းတာလို့ မဟာအောင်မြေမြို့နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော် တစ်ပါးက ဆိုပါတယ်။

“ဘုန်းတော်ကြီးကျောင်းတိုက် ဥပစာမြေပေါ်ရှိ ဆိုင်များကို မထွက်ဘို့ရန် ၂၀၁၉ ခုနှစ် ကတည်းက ရှင်းလင်းပြီးသားပါ။ နောက်ပိုင်းမှာ တစ်ဦးစ နှစ်ဦးစနဲ့ ထွက်လာကြပြီး ကြာလာတော့ ဆိုင်တွေ များလာပါတယ်။ အစပိုင်းမှာ အမိုးအကာ မပါဘဲ ထွက်ကြပေမယ့် တာဝန်ရှိ ကျောင်းတိုက်ဆရာတော်တွေက ဘာမှ မပြောဆို မတားမြစ်ကြတော့ ထီးမိုးကနေတဆင့် နောက်ပိုင်းမှာ အချို့ဆိုင်တွေဟာ အခိုင်အမာ တည်ဆောက်လာကြတာ တွေ့ရပါတယ်။ ခေတ်အခြေအနေ စီးပွားရေးအခြေအနေကို ငဲ့ညှာကြပြီး ဈေးရောင်းခွင့် ပြုထားပေမယ့် အဆောက်အဦး အခိုင်အမာ တည်ဆောက်ခွင့်တော့ မပြုနိုင်ပါဘူး။ အခိုင်အမာ တည်ဆောက်ခွင့် ခွင့်ပြုထားလျှင် ဘုန်းတော်ကြီး ကျောင်းတိုက်တာများ မသန့်ရှင်း မသာယာသလို ညပိုင်းမှာ ဆေးသမား အရက်သမား, သူခိုးတွေရဲ့ စခန်းချ တည်းခိုနေစရာတွေလဲ ဖြစ်လာနိုင်ပါတယ်၊ ဖြစ်လဲ ဖြစ်နေပါတယ်။ အခြေချ နေထိုင်သူများ အနေကြာသွားခဲ့လျှင် ပြန်လည် ရှင်းထုတ်ဘို့ရန်လဲ ခက်ခဲလှပါတယ်။ရှေးယခင်က ဒီလို မဆောင်ရွက် မဖြေရှင်းခဲ့ကြလို့ ဘုရားမြေ, ဘုန်းကြီးကျောင်းတိုက်မြေတွေ ဆုံးရှုံးခဲ့တာတွေ များလှပါပြီ။ ဒါကြောင့်မို့ ဆရာတော်တွေက သာသနာအတွက် ဒီလို ဆောင်ရွက် လုပ်ဆောင်ကြတယ်ဆိုတာ အားလုံး သဘောပေါက် နားလည်စေချင်ပါတယ်” လို့ မဟာအောင်မြေမြို့နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော် ဦးကဝိန္ဒက ဆိုပါတယ်။

မန္တလေးမှာ စစ်အုပ်စုကလည်း အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ကျူးကျော်ဆိုပြီး ဥပဒေမဲ့ ထင်တိုင်းကျဲ ဖျက်ဆီနေပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲက ဘုန်းကြီးကျောင်းဘေး စျေးဆိုင်တချို့ ဖျက်သိမ်းခံရစဉ်/Photo - အရှင်ကဝိန်

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ဘုန်းကြီးကျောင်း #ဆိုင် #ဖျက်သိမ်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ