တောင်တွင်း PDF ရဲဘော်နှစ်ဦး ကင်းလှည့်နေချိန် စစ်အုပ်စုနဲ့တိုးပြီး ဖမ်းဆီး သ-တ်ဖြ-တ်ခံရ၊ စစ်အုပ်စုက အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ပြည်သူ (၁၅)ဦးခန့်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေ၊

တောင်တွင်း PDF ရဲဘော်နှစ်ဦး ကင်းလှည့်နေချိန် စစ်အုပ်စုနဲ့တိုးပြီး ဖမ်းဆီး သ-တ်ဖြ-တ်ခံရ၊ စစ်အုပ်စုက အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ပြည်သူ (၁၅)ဦးခန့်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေ၊

MFP၊ စက်တင်ဘာ - ၅

စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းနယ် တောင်တွင်းဒေသထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေလို့ လုံခြုံရေးအတွက် လှည့်ကင်းထွက်တဲ့ ရဲဘော်နှစ်ဦး စစ်အုပ်စုနဲ့တိုးကာ ဖမ်းဆီး သ-တ်ဖြ-တ် ခံလိုက်ရတယ်လို မင်းကင်းနယ် တောင်တွင်းဒေသ TDPDF (Mingin) က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂)ရက်က TDPDF (Mingin) တပ်ဖွဲဝင် ရဲဘော် ဗိုလ်မြဒင်နှင့် ရဲဘော် ဗိုလ်စိုးမင်းတို လှည့်ကင်းထွက်သွားပြီးနောက် တပ်ဖွဲနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာ (၅)ရက်တွင်မှ ရဲဘော်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ အဖွဲအတွက် အားထား ယုံကြည်ရတဲ့ ရဲဘော်တွေဖြစ်ပြီး စခန်း၏ လက်နက်ထုတ်လုပ်ရေး တာဝန်ကိုလည်း အဓိက တာဝန်ယူ လုပ်နေသူတွေ ဖြစ်သလို တိုက်ပွဲတိုင်းမှာလည်း ရှေ့ဆုံးက ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့သူတွေ ဖြစ်တာမို ကျနော်တိုအတွက် များစွာ တန်ဖိုးကြီးလှပါတယ်" လို တောင်တွင်း TDPDF (Mingin) က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ စက်တင်ဘာ (၂)ရက်က တောင်တွင်း TDPDF(Mingin)ရဲ့ စခန်းဟောင်း နေရာအထိ ရောက်ရှိလာပြီး စခန်းကို မီးရှိဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ စက်တင်ဘာ(၃)ရက် နေ့လယ်ပိုင်းမှာ ကုန်မော်ရွာထဲ စီးနင်းဝင်မွှေ လုယက် သောင်းကျန်းခဲ့ပြီး ရွာဘုန်းကြီးကျောင်းထဲ တိမ်းရှောင်နေကြတဲ့ အမျိုးသမီးနှင့် ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ (၁၅)ဦးခန့်ကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ယနေ့အထိ ပြန်မလွှတ်သေဘူးလို တောင်တွင်း TDPDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူတွေကို ပြန်မလွှတ်သေးဘဲ မနေ့ညက ဆိတ်သာရွာထဲ စီးနင်းညအိပ်ကာ ဘယ်ရွာတွေကို ဆက်မွှေသောင်းကျန်းမယ်ဆိုတာ ခန့်မှန်းလို့ မရသေးဘူးလို့ တောင်တွင်း TDPDF က ပြောပါတယ်။

"ဓားစာခံတွေရဲ့ နောက်ဆုံးအခြေအနေကို အခုထိ မသိရသေးဘူးဗျ။ သတ်ပစ်မှာပဲ စိုးရိမ်နေရတယ်" လို့ TDPDF (Mingin) တပ်ဖွဲ့ဝင် ရဲဘော်က ဆိုပါတယ်။

မင်းကင်းနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို သူတင်ကိုယ်တင် တိုက်ခိုက်ချင်ပေမယ့် လူအင်အား၊ လက်နက်အင်အား မမျှတာကြောင့် တိုက်ခိုက်နိုင်တာ မရှိသေးဘဲ စောင့်ကြည့်နေရတယ်လို TDPDF(Mingin)က အသိပေး ထုတ်ပြန်ထားပါတယ်။

ကျဆုံးခဲ့တဲ့ မင်းကင်းနယ် တောင်တွင်း TDPDF (Mingin) တပ်ဖွဲ့ဝင် တစ်ဦး/Photo – TDPDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မင်းကင်း #တောင်တွင်း #TDPDF #ပြည်သူ့ရဲဘော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ