ယင်းမာပင် ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင်သစ်တွေ ခေါ်ယူနေ၊ အရည်အချင်း ကန့်သတ်ချက်ထဲမှာ မအလ ထက် အရပ်ပိုရှည်သူ၊ ကကလ ထက် မျက်မှန်ပါဝါ နည်းသူ ဦးစားပေး ရွေးချယ်မယ်လို့ ဖော်ပြ၊

ယင်းမာပင် ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင်သစ်တွေ ခေါ်ယူနေ၊ အရည်အချင်း ကန့်သတ်ချက်ထဲမှာ မအလ ထက် အရပ်ပိုရှည်သူ၊ ကကလ ထက် မျက်မှန်ပါဝါ နည်းသူ ဦးစားပေး ရွေးချယ်မယ်လို့ ဖော်ပြ၊

MFP ၊ စက်တင်ဘာ - ၁၇

စစ်ကိုင်းတိုင်း ယင်းမာပင်နယ် အခြေပြု ယင်းမာပင်ခရိုင် တပ်ရင်း(၁၁)၊ ပုလဲမြို့နယ် တပ်ရင်း(၅) ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင်သစ်တွေ ခေါ်ယူနေပြီး အသက်(၁၈)မှ (၅၀)ကြား ကျန်းမာသူ မည်သူမဆို ဝင်ရောက်နိုင်တယ်လို့ ကြေညာပါတယ်။

တပ်ဖွဲ့ဝင် အရည်အချင်း ကန့်သတ်ချက်လို့ ဆိုနိုင်တဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ရဲ့ စည်းကမ်းချက် ကိုးချက်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထက် အရပ်ပိုရှည်သူ၊ ကြူကြူလှထက် မျက်မှန်ပါဝါ နည်းသူကို ဦးစားပေးမယ်လို့လည်း ဖော်ပြပါတယ်။

“တပ်ရင်းရဲ့ စည်းကမ်းချက်တွေကို အရင်ဖတ်ရူ့လေ့လာပြီးမှသာ သင့်ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ ချလိုက်ပါ။ ၁၊ဆင်းရဲ ချမ်းသာ အယုတ်အလတ် မရွေးဘူး၊ ၂၊ပညာတတ်ဘွဲ့ရမှ မဟုတ်ဘူး / ပညာမသင်ခဲ့ရသူလည်း ရတယ်။ ၃၊အသက် (၁၈)နှစ်မှသည် အသက်(၅၀)ထိ ( လိုအပ်ပါက အတိုးလျော့ရှိသည်)။ ၄၊လူမျိုး ဘာသာ ခွဲခြားထားမှု မရှိ / အသားရောင်မခွဲခြားပါ။ ၅၊မည်သည့်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသူမဆို ဥပမာ six pack ရှိသည်ဖြစ်စေ၊ ဘီယာဗိုက်ရှိသည်ဖြစ်စေ လက်ခံသည်။ ၆၊ အမျိုးသားများအနေဖြင့် မအလထက် တစ်လက်မပိုမြင့်သော အရပ်အမောင်းရှိသူကို ဦးစားပေးမည်၊ အမျိုးသမီးများအနေဖြင့် ကြူကြူလှထက် မျက်မှန်ပါဝါနည်းဖို့ လိုသည်။ ၇၊ကျား / မ လိင်ခွဲခြားထားမှု မရှိသောကြောင့် LGBT များပါ လက်ခံသည်။ ၈၊နာတာရှည်ရောဂါသည်များနှင့် ခုခံအားကျဆင်းသူများကို လက်မခံပါ၊ ဆေးတပ်သားများစွာ ရှိသော်လည်း ဆေးဝါးမပြည့်စုံလို့ပါ၊ ၉၊ ပြည်နယ်နှင့်တိုင်း အရမ်းဝေးကွာသောအရပ်မှ စစ်သည်များ မလျှောက်ထားစေချင်ပါ။ မှတ်ချက် - လမ်းခရီးမှာ ကြုံရတတ်သော အခက်ခဲများကြောင့် ရဲဘော်သစ်များရဲ့ အသက်အန္တာရာယ်ကြောင့် ဖြစ်သည်” လို့ ကျားသစ်နက် တပ်ဖွဲ့က ဖော်ပြပါတယ်။

တပ်ဖွဲ့ဝင်သစ်တွေကို တိုက်ခိုက်ရေးဗျူဟာ သင်တန်း အပါအဝင် အချိန်ပြည့် အခြေခံ စစ်သင်တန်း သင်ကြားပေးမည် ဖြစ်ပြီး တော်လှန်ရေး မပြီးဆုံးမခြင်း အကြမ်းပတမ်းခံ၊ အနစ်နာခံကာ နေ့စဉ် သင်ယူရမယ်လို့ ဆိုပါတယ်။

“လက်လုပ်သေနတ် တစ်လက် ကိုင်ရမည်၊ တူမီး သို့မဟုတ် ခါးချိုးသေနတ်။ မှတ်ချက် - သေနတ်အစစ် ကိုင်ရမှဟု ဆိုလျှင် ဒီစာပိုဒ်ဖတ်ပြီး နောက်ဆုတ်လိုက်ပါ။ အကျီ်အဝတ်အစား ရှိရင်ရမည်၊ မရှိရင် မရပါ။ ကျည်ကာ ငါးထည်သာ ရှိသဖြင့် တိုက်ခိုက်ရေး ခေါင်းဆောင်များပင်လျှင် လူစေ့မရှိပါ။ မှတ်ချက် - ပြောက်ကျားဝတ်စုံများ၏ တန်ဖိုးကြောင့်သော်လည်းကောင်း၊ ရန်သူနှင့် ဆင်တူမည် စိုးရိမ်သောကြောင့် လည်းကောင်း မပေးပါ။ ကိုယ်ပိုင် ရာထူးအဆင့်အတန်းအလိုက် မိမိတို့ကြိုးစားမှုပေါ် မူတည်ပြီး အမြဲလိုလို ရာထူး အပြောင်းအလဲ ရှိသည်။ အရင်ရောက်သူက ဆရာကြီးဖြစ်သည့်စနစ်ကို မကျင့်သုံးပါ” လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် အစားအသောက်နှင့် ပတ်သက်၍လည်း နေ့စဉ် ထမင်းသုံးနပ် စိတ်ကြိတ် စားသုံးနိုင်သော်လည်း အသားဟင်း၊ ငါးဟင်း နေ့စဉ် မပါရှိဘူးလို့ ဆိုပါတယ်။

“အစားအသောက်နှင့် ပတ်သတ်၍ ချီးထူသော လူများအဆင်မပြေပါ။ ထမင်းနေ့စဉ် သုံးနပ်ကို စိတ်ကြိုက် စားသုံးနိုင်သော်လည်း (အသား၊ ငါး၊ ကြက်ဥ နေ့စဉ် မကျွေးမွေးနိုင်ပါ)။ ကျနော်များ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့တွင် တိုင်းပြည်အတွက် နောက်ဆံမတင်းသော၊ နေရာနှင့်ရာထူးကို မမက်မောသော၊ ရဲရင့်မှုရှိ၍ အမိန့်နာခံမှုရှိသော၊ ပင်ပမ်းဆင်းရဲမှုထက် သစ္စာရှိ၍ ရိုးဖြောင့်သော၊ လိုအပ်လျှင် မိမိအသက်နှင့် ခန္ဓာကိုယ်ကို စွန့်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားအားလုံးအတွက် ထမင်းရှင် အလှူရှင်အားလုံးကိုယ်စား တိုင်းပြည်ကို မတရား အာဏာသိမ်းပိုက်ထားသော စစ်အာဏာရူးနှင့် နောက်လိုက် ထောက်တိုင်ဟူသမျှကို ချေမှူန်းပါမည်ဟု သစ္စာပြု ကတိပေးနိုင်သူများကို လက်ကမ်းကြိုဆိုနေမည် ဖြစ်သည်” လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးက ဆိုပါတယ်။

ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အသိအမှတ်ပြုထားတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း(၁၁)၊ ပုလဲမြို့နယ် တပ်ရင်း(၅) ဖြစ်ကာ လက်ရှိမှာ စစ်အုပ်စုနှင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တချို့ (ပုံဟောင်း)/Photo - ကျားသစ်နက်

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ကျားသစ်နက် #ပုလဲ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ