စစ်ကိုင်း - မုံရွာလမ်းမှာ ဖက်ဆစ်တပ်ကို နေ့စဉ် တိုက်ခိုက်နေတဲ့ ရဲဘော်နှစ်ဦး ကျဆုံး၊

စစ်ကိုင်း - မုံရွာလမ်းမှာ ဖက်ဆစ်တပ်ကို နေ့စဉ် တိုက်ခိုက်နေတဲ့ ရဲဘော်နှစ်ဦး ကျဆုံး၊

MFP ၊ သြဂုတ် - ၂၀

စစ်ကိုင်း - မုံရွာ လမ်းတလျှောက် သွားလာနေတဲ့ ဖက်ဆစ်တပ်ကို နေ့စဉ်နီးပါး မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်နေတဲ့ The Pentagram - ငါးထောင့်ကြယ် တပ်ဖွဲ့က ရဲဘော်နှစ်ဦး ယမန်နေ့ညနေပိုင်းက မြင်းမူနယ် ဂွေးပင်တောရွာ အနီးမှာ ကင်းပုန်းဝပ်နေတဲ့ ဖက်ဆစ်တပ်သားတွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သြဂုတ်(၁၈)ရက် ညနေ(၅)နာရီက မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ သင်္ချိုင်းအနီးမှာ ဖက်ဆစ်တပ် ကင်းပုန်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေဖြစ်တဲ့ The Pentagram - ငါးထောင့်ကြယ် တပ်ဖွဲ့က ရဲဘော်တစ်ဦးနှင့် စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ခွဲ(၄)တပ်ခွဲမှူး Zamani Revolution Force/MMU Myaung ရဲ့ ရဲဘော်ဟောင်းဖြစ်သူ မျောက်ရှုံး (ခ) မိုးမင်းသိန်း တို့ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ပစ္စည်းများ သယ်ယူပို့ဆောင်နေချိန်တွင် ဂွေးပင်တော လုပ်တိုင်းကုန်းအနီးတွင် ကင်းပုန်းဝပ်နေသော စကစများနှင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပြီး ကျဆုံးသွားပါသဖြင့် သြဂုတ်(၁၉)ရက် နံနက်(၁၁)နာရီတွင် Zamani အဖွဲ့သားများနှင့် ပူးပေါင်း မဟာမိတ်အဖွဲ့များမှ အမိန့်ပြန် အခမ်းအနားနှင့်အတူ မီးသင်္ဂြိုလ်ခဲ့ပြီးလ Zamani အဖွဲ့သားများမှ အထူးပင်ဝမ်းနည်း ကြေကွဲရပါသည်။ R.I.P ပါ ရဲဘော်တို့။ ငြိမ်းချမ်းစွာ အနားယူပါလော့” လို့ Zamani Revolution Force/MMU Myaung က ဖော်ပြပါတယ်။

The Pentagram - ငါးထောင့်ကြယ် တပ်ဖွဲ့နှင့် Zamani Revolution Force/MMU Myaung တပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး LDF တပ်ဖွဲ့တွေဟာ စစ်ကိုင်း - မုံရွာ လမ်းတလျှောက် သွားလာနေတဲ့ ဖက်ဆစ်တပ်ကို ရရာလက်နက်နဲ့ နေ့စဉ်နီးပါး ခုခံ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မြင်းမူ #ThePentagram_ငါးထောင့်ကြယ် #LDF #ZamaniRevolutionForce/MMUMyaung

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ