မန္တလေး မြေပြင်ကင်းထောက်အဖွဲ့ VOMDY ရဲ့ အက်ဒမင် အမျိုးသမီး ဖမ်းဆီးခံရပြီးနောက် ကျန်သူတွေကိုပါ စစ်အုပ်စုက ဖမ်းဆီးနေ၊ ဆက်စပ်သူ (၁၀)ဦးခန့် ဖမ်းထားဟု စစ်လော်ဘီတွေက သတင်းဖြန့်၊

မန္တလေး မြေပြင်ကင်းထောက်အဖွဲ့ VOMDY ရဲ့ အက်ဒမင် အမျိုးသမီး ဖမ်းဆီးခံရပြီးနောက် ကျန်သူတွေကိုပါ စစ်အုပ်စုက ဖမ်းဆီးနေ၊ ဆက်စပ်သူ (၁၀)ဦးခန့် ဖမ်းထားဟု စစ်လော်ဘီတွေက သတင်းဖြန့်၊

MFP ၊ စက်တင်ဘာ - ၁၄

အာဏာသိမ်း စစ်အုပ်စု ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနှင့် စစ်အုပ်စုရဲ့ မြေပြင် လှုပ်ရှားမှု သတင်းအချက် အလက်တွေကို အများပြည်သူ သိရှိအောင် တင်ဆက် ဖော်ပြနေတဲ့ မန္တလေး မြေပြင် ကင်းထောက်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Voice of Mandalay (VOMDY) ရဲ့ Page Admin (အက်ဒမင်) တစ်ဦးဖြစ်သူ မယုဝေမြင့်ကို စစ်အုပ်စုက ဖမ်းဆီးပြီးတဲ့နောက် ကျန် အက်ဒမင်တွေနှင့် ဆက်စပ်သူတွေကိုပါ စစ်အုပ်စုက ဖမ်းဆီးဖို့ ကြိုးစားနေပြီး အယောင်ဆောင် အသွင်ယူ အနံ့ခံတာတွေ လုပ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

VOMDY ရဲ့ အက်ဒမင်တစ်ဦးဖြစ်တဲ့ မယုဝေမြင့်ကို စစ်အုပ်စုက စက်တင်ဘာ(၄)ရက်မှာ သူမ နေထိုင်ရာ မန္တလေး မြောက်ပြင်က နေအိမ်ကို စီးနင်း ဖမ်းဆီးခဲ့ပြီးနောက် သတင်းအမှောင်ချထားခဲ့ကာ တစ်ပတ်ခန့်ကြာမှသာ စစ်လော်ဘီတွေကတဆင့် သတင်းပြန့်နှံ့လာပြီး ပေ့ချ်အက်ဒမင်တစ်ဦး ဖမ်းဆီးခံထားရကြောင်း သိခဲ့ရတာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မယုဝေမြင့် အသုံးပြုတဲ့ ဖုန်း ကျပျောက်ရာကနေ စစ်အုပ်စုက ခြေရာခံမိသွားပြီး ဖမ်းဆီးခံရတာ ဖြစ်သလို ကျန်တဲ့ Page အက်ဒမင်တွေနဲ့ တယ်လီဂရမ်မှာ သတင်းပေးသူတွေကိုပါ စစ်အုပ်စုဘက်က ဆက်လက် ဖမ်းဆီးဖို့ အနံ့ခံနေတယ်လို့ ဆိုပါတယ်။

“ မယုဝေမြင့်က ဖုန်း ကျကျန်ခဲ့တယ်လို့ သိရတယ်။ ပထမ စက်ပိတ်ထားပေမယ့် နောက်ပိုင်းမှာ စက်ပြန်ဖွင့်ပြီး အသုံးပြုနေတယ်လို့ ယူဆရတယ်၊ အဲဒီကနေ ခြေရာခံပြီး ဖမ်းမိသလား မပြောတတ်ဘူး၊ နောက်ထပ် ခြေရာခံမိသူတွေကိုလည်း လိုက်ဖမ်းဖို့ ကြိုးစားနေတာတွေ တွေ့ရတယ် “ လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

စစ်အုပ်စုဟာ စက်တင်ဘာ(၅)ရက်မှာ VOMDY ရဲ့ အက်ဒမင် တစ်ဦးဖြစ်တဲ့ ကိုအောင်ကိုကိုရဲ့ နေအိမ်ကိုလည်း စီးနင်းခဲ့ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် တိမ်းရှောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အုပ်စုက ကိုအောင်ကိုကိုရဲ့ မိခင် CDM ကျောင်းအုပ်ဆရာမကို ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်အုပ်စုက ဖမ်းဆီးဖို့ ကြိုးစားနေပေမယ့် မန္တလေး မြေပြင်ကင်းထောက်အဖွဲ့ VOMDY ဆိုတာ စိတ်ဓာတ်တွေနဲ့ တည်ဆောင်ထားတာမို့ စစ်အုပ်စုရဲ့ အကြမ်းဖက် ုတ်မာမူတွေနှင့် မြေပြင် လှုပ်ရှားသွားလာမှု သတင်းဖော်ပြတာတွေကို ရပ်တန့်မှာ မဟုတ်ဘဲ ပုံမှန်အတိုင်းပဲ ဆက်လက် ဖော်ပြနေမယ်လို့ VOMDY က ဆိုပါတယ်။

စစ်အုပ်စုဟာ ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးပြီး ငွေညှစ်တာ၊ ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ်ကာ သတင်းအမှောင်ချထားပြီးနောက် အဲ့ဒီ ဖမ်းဆီးခံရသူတွေကတဆင့် ထောင်ချောက်ဆင်ဖမ်းဆီးတာ၊ အသွင်ယူ ဖမ်းဆီးတာမျိုးတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်အုပ်စုရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးမှုကြောင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံလူငယ်တွေ အယောက်(၅၀) ထက်မနည်း အုံလိုက်ကျင်းလိုက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီလို ထောင်ချောက်ဆင် ဖမ်းဆီးရာမှာလည်း သက်ဆိုင်သူရော၊ မဆိုင်သူရော တွေ့သမျှလူကို ဖမ်းပြီး အနဘ်းဆုံးတော့ ငွေညှစ်ပြီးမှသာ ပြန်လွှတ်ပေးတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

VOMDY ရဲ့ ပေ့ချ်အက်ဒမင် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေအကြောင်း သတင်းပေးပို့သူတွေ အပါအဝင် ဖမ်းမိထားသူ (၁၀)ဦးခန့် ရှိတယ်လို့လည်း စစ်လော်ဘီတွေက ဆိုပါတယ်။ ဒါပေမယ့် ဖမ်းမိထားသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ စစ်အုပ်စုက ထုတ်ပြန်တာ မရှိသေးပါဘူး။

မန္တလေးမြို့အနှံ့ ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး ငွေညှစ် သ-တ်-ဖြတ်နေတဲ့ စစ်အုပ်စုဟာ မနေ့က ညပိုင်းမှာလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၄၁)လမ်းနှင့် (၈၂)လမ်းအနီးက နေအိမ်တစ်အိမ်ကို ည(၁၁)နာရီဝန်းကျင်မှာ ဝင်မွှေလုယက်ပြီး လူငယ်လေးဦးကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #VoiceofMandalay #မြေပြင်ကင်းထောက်အဖွဲ့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ