MFP၊ စက်တင်ဘာ - ၁၃
စစ်ကိုင်းတိုင်း၊ ကောလင်းနယ်နှင့် ကန့်ဘလူနယ်အစပ်မှာ စစ်အုပ်စုနှင့် ဒေသတော်လှန်ရေး တပ်ဖွဲ့တွေ စက်တင်ဘာ(၁၂)ရက်က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စကစ (၂၀)ကျော် သေကာ ပြည်သူ့ရဲဘော် ကိုးဦး ကျဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို ကောလင်းခရိုင် PDF တပ်ရင်း (၂)က MFP ကို ပြောပါတယ်။
ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှနယ်အစပ်က ရွာတွေထဲ လွန်ခဲ့တဲ့ တစ်လခန့်ကတည်းက တရစပ် ထိုးစစ်ဆင်နေပြီး စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ် မခွဲခြားဘဲ ဒေသခံပြည်သူတွေကို သ-တ်-ဖြတ်နေသလို ကျေးရွာတွေထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ စက်တင်ဘာ(၁၂)ရက် ညနေ(၃)နာရီကျော်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲချိန် တစ်နာရီကျော် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ကောလင်းနယ် ဇီးကုန်းနှင့် အင်ပင်သာရွာအနီး အရိုးတောင်နှင့် နတ်တောင်ကြားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး အင်အား(၈၀)ခန့်ပါတဲ့ စစ်အုပ်စုကို ကောလင်းခရိုင် PDF တပ်ရင်း (၁) မိုးကြိုးတပ်ဖွဲ၊ ကောလင်းခရိုင် တပ်ရင်း(၂)၊ ကန့်ဘလူ တော်လှန်ရေး အဖွဲ့တွေနှင့် ပ.က.ဖ အဖွဲတွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ကောလင်းခရိုင် PDF တပ်ရင်း (၂)က ရဲဘော်တစ်ဦးက ပြောပါတယ်။
"ကျနော်တို ပေါင်းတိုက်တဲ့ အထဲမှာ ကန့်ဘလူ အဖွဲတွေလည်း ပါတယ်။ အဲဒီနားလေးက လမ်း အနောက်ဘက်ခြမ်းဆို ကန့်ဘလူနယ် ဖြစ်ပြီး အရှေ့ဘက်ခြမ်းက ကောလင်းနယ် ဖြစ်တာကိုး။ အဲတော့ ကန့်ဘလူအဖွဲတွေနဲ့ ကောလင်း ပ.က.ဖ တွေ ပေါင်းပြီး တိုက်ကြတာ " လို့ အထက်ပါရဲဘော်က ရှင်းပြပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ကိုးဦး ကျဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို ကောလင်းခရိုင် PDF တပ်ရင်း (၂) ရဲဘော်က MFP ကို ပြောပါတယ်။
စစ်အုပ်စုဘက်ကလည်း အင်အား (၈၀)မှာ (၅၀)ကျော်သာ ကျန်တော့ပြီး တိုက်ပွဲအတွင်း စကစ (၂၀)ကျော် သေမယ်လို့ ခန့်မှန်းကြောင်း တော်လှန်ရေး ရဲဘော်က ရှင်းပြပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်အုပ်စုဟာ ဇီးကုန်းကျေးရွာထဲ ဝင်မွှေလုယက် သောင်းကျန်ခဲ့ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်းခဲ့ကာ ဒေသခံ ရွာသားနှစ်ဦးဖြစ်တဲ့ အသက်(၃၀)ကျော်အရွယ် CDM ကျောင်းဆရာ ကိုချမ်းသာနှင့် အသက်(၃၀)အရွယ် ကိုသိန်းဇော်တို့ကို သ-တ်-ဖြတ်သွားတယ်လို့ ဆိုပါတယ်။
CDM ကျောင်းဆရာ ကိုချမ်းသာဟာ ဇီးကုန်းရွာထဲ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နေချိန် စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံလိုက်ရပြီး ကိုသိန်းဇော်ကတော့ လေးဖြတ်နေတဲ့ အဒေါ်ဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း စစ်အုပ်စုရဲ့ ဖမ်းဆီး သ-တ်-ဖြတ်ခြင်း ခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
CDM ကျောင်းဆရာ ကိုချမ်းသာမှာ ဇနီးသည်နှင့် လသားအရွယ် ကလေးငယ် ကျန်ရစ်ခဲ့ပြီး ကိုသိန်းဇော်မှာလည်း သားသမီးနှစ်ဦး ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဟာ ဇီးကုန်းရွာ အရှေ့ဘက်မှာ CDM ကျောင်းဆရာနှင့်အတူ အမျိုးသမီးတွေကိုပါ ဖမ်းဆီးခဲ့ပြီး အမျိုးသမီးတွေထံက ပါလာသမျှ လက်ဝတ်ရတနာ ပစ္စည်းတွေ လုယက်ပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသား နှစ်ဦးကို သ-တ်-ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ဇီးကုန်းရွာထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ မနေ့က စက်တင်ဘာ(၁၃)ရက်မှာ ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းခေါ်ပြီး ဒဏ်ရာရထားသူတွေကို ထမ်းစဉ်တွေနဲ့ ထမ်းပိုး သယ်ခိုင်းကာ ကိုးတောင်ဘို့ တိုက်နယ်ထဲ ပြန်ဝင်သွားတယ်လို့ ကန့်ဘလူခရိုင် PDF တပ်ရင်း(၂)ရဲဘော်က ပြောပါတယ်။
ကောလင်းမြိုနယ်၊ ဇီးကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ PDF အလောင်း ၉၁၀)လောင်း၊ (M-22) သေနတ်နှစ်လက်၊ လက်လုပ်သေနတ် သုံးလက်၊ လက်ပစ်ဗုံး နှစ်လုံးနှင့် အိုင်ကွန် တစ်လုံး သိမ်းပိုက် ရရှိတယ်လို့ သတင်းဖြန့်ပါတယ်။
သြဂုတ်လ တတိယပတ်အတွင်းက ကန့်ဘလူ၊ ကောလင်းနှင့် ကျွန်းလှနယ်စပ်မှာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့ရာ စကစ (၃၀)ကျော် သေပြီး အပွင့်အခက်နဲ့ ကောင်တွေပါ အရှင်ဖမ်းမိခဲ့ပြီးနောက် စစ်အုပ်စုက အဲ့ဒီ သုံးမြို့နယ်အစပ်က ကျေးရွာတွေကို လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်း သ-တ်-ဖြတ်ပြီး တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ သောင်းကျန်းသ-တ်-ဖြတ်နေတာကြောင့် လက်နက်အင်အား မမျှပေမယ့် ဒေသကာကွယ်ရေး တပ်တွေက စစ်အုပ်စုကို ခုခံတိုကခိုက်ရင်း အခုလို အကျအဆုံး များတာလို့ နီးစပ်သူတွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ ဖမ်းဆီး သ-တ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ကောလင်းမြို့နယ် ဇီးကုန်းရွာက CDM ကျောင်းဆရာနှင့် ဒေသခံပြည်သူတစ်ဦး/Photo – CJ
ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ ကန့်ဘလူခရိုင် တပ်ရင်း(၂)ရဲဘော်များနှင့် စစ်အုပ်စုက ကျေးရွာထဲ လေယာဉ်နဲ့ ဗုံးကြဲနေစဉ်/Photo -CJ
#MFP #Mandalay_Free_Press #မန္တလေး #ကောလင်း #ကန့်ဘလူ #တိုက်ပွဲ #PDF #ပကဖ #CDM #ပြည်သူ့ရဲဘော်