မေမြို့နှင့် နောင်ချိုမှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ပြီး စကစ (၄၀)ကျော် သေဟုဆို၊ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်နေပေမယ့် ခုခံစစ် အောင်မြင်စွာ ဆင်နွှဲနေဟု မန္တလေး PDF ထုတ်ပြန်၊

မေမြို့နှင့် နောင်ချိုမှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ပြီး စကစ (၄၀)ကျော် သေဟုဆို၊ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်နေပေမယ့် ခုခံစစ် အောင်မြင်စွာ ဆင်နွှဲနေဟု မန္တလေး PDF ထုတ်ပြန်၊

MFP ၊ သြဂုတ် - ၃၁

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) - မန္တလေး PDF အခြေပြု လှုပ်ရှားနေတဲ့ မေမြို့နှင့် နောင်ချိုနယ်ထဲက စစ်အုပ်စုက တပ်ရင်းသုံးရင်းနဲ့ အင်အား အများအပြားသုံးကာ ထိုးစစ်ဆင်နေပြီး သြဂုတ်(၂၄)ရက်ကနေ (၃၀)ရက်အတွင်း ထိတွေ့တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ရာမှာ စကစ (၄၀)ကျော် သေတယ်လို့ မန္တလေး PDF က သတင်း ထုတ်ပြန်ပါတယ်။

“ရန်သူ့ဘက်မှ အင်အားအလုံး အရင်းဖြင့် ပိတ်ဆို့ကာ ထိုးစစ် ဆင်လျက်ရှိပါသည်။ မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)သည် လည်း လက်ရှိအချိန်တွင် ခုခံစစ်အား အောင်မြင်စွာ ဆင်နွှဲနေပြီး ယခုထက်ပို၍ စစ်ရေးအရှိန် မြှင့်တင်ရန် အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန် အပ်ပါသည်” လို့ မန္တလေး PDF က ဖော်ပြပါတယ်။

သြဂုတ်(၂၄)ရက် မနက်ပိုင်းက အာဏာသိမ်း စစ်အုပ်စုရဲ့ တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၃)၊ စကခ(၁) လက်အောက်ခံ ခမရ(၅၀၂) နှင့် ခမရ(၅၀၅) တပ်ရင်းတွေဟာ မေမြို့နှင့် နောင်ချိုနယ်ထဲ လက်နက်ကြီးတွေနှင့် ပစ်ခတ်ကာ ဝင်ရောက်လာရာက စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီ တိုက်ပွဲမှာ စကစ (၂၀)ဝန်းကျင် သေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်း စကစ စစ်ကြောင်းအား မိမိတို့တပ်ဖွဲ့ဝင်များမှ အဆင့်ဆင့်ပိတ်ဆို့ ထားခဲ့ရာ အထိအခိုက် အကျအဆုံး များလာသဖြင့် ညနေ(၄)နာရီခန့်တွင် စကစမှ ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ် ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စကစဘက်မှ (၂၀)ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း များပြားသည်ဟု မြေပြင်သတင်းများအရ ထောက်လှမ်း သိရှိရသည်။ မိမိတို့ဘက်မှ ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်” လို့ မန္တလေး PDF က ဖော်ပြပါတယ်။

သြဂုတ်(၂၉)ရက်မှာလည်း မန္တလေး PDF က မိုင်းကွင်းဖော်ပြီး နေရာယူထားတဲ့ဘက် စစ်အုပ်စု ဝင်လာလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စကစ (၁၉)ယောက် သေတယ်လို့ ဆိုပါတယ်။

“အဆိုပါတိုက်ပွဲတွင် မိမိတို့ဘက်မှ လက်ဦးမှု ရရှိသောကြောင့် စကစတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများခဲ့ပြီး (၁၉)ယောက်ကျော် ကျဆုံး၍ အပြင်းအထန် ဒဏ်ရာရရှိသူ (၄၀)ခန့်အထိ ရှိနိုင်ကြောင်း သိရှိရသည်။ သြဂုတ်(၃၀)ရက် မနက်ပိုင်းတွင်လည်း စကစ စစ်ကြောင်းအား ထပ်မံမိုင်းဆွဲခဲ့ပြီး စကစ တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့သည်။ ၎င်းတိုက်ပွဲများ အတွင်း မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ပါ” လို့ မန္တလေး PDF က ဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အနေနဲ့ ခုခံစစ်ကို အောင်မြင်စွာ ဆင်နွှဲနေပြီး စစ်အုက်စု အထိနာ အသေများနေကြောင်းနှင့် လက်ရှိအချိန်မှာ CDM ပါဝင်လိုသူတွေ ရှိပါကလည်း ကြိုဆိုလက်ခံမယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတင်း ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) - မန္တလေး PDF ရဲဘော်တချို့/Photo - မန္တလေး PDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နောင်ချို #ရှမ်း #မေမြို့ #မန္တလေးPDF #MDYPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ