မန္တလေး ကြာနီကန်ရွာအနီးမှာ စစ်ကားကို မိုင်းဆွဲ၊ စကစ သုံးယောက်သေ ဟုဆို၊

မန္တလေး ကြာနီကန်ရွာအနီးမှာ စစ်ကားကို မိုင်းဆွဲ၊ စကစ သုံးယောက်သေ ဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၉

မန္တလေး - မတ္တရာကားလမ်း၊ ပုသိမ်ကြီးမြို့နယ် ကြာနီကန်ရွာနှင့် မတ္တရာနယ် ထီးတော်မိုးတပ် အနီးမှာ မနေ့က နေ့လည်ပိုင်း စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ်ကားကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ Generation Z Power -GZP ( Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၈)ရက် နေ့လည်(၁၂)နာရီက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မတ္တရာမြို့နယ် ထီးတော်မိုးရွာနှင့် ကြာနီကန်ရွာကြား၊ ချောင်းပေါက်တံတားအနီးမှာ GZP နှင့် မဟာမိတ်ဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ကောင်စီ တပ်ဖွဲ့ဝင် ထောက်ပို့ယာဉ်အား ပဒေသာမိုင်းဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့ထဲမှ ဖောကားတစ်စီးမှာ ပေါက်ကွဲမှုအရှိန်ကြောင့် ထိခိုက်ပျက်စီးကာ တိမ်းမှောက်သွားခဲ့ပြီး စခ ငါးကောင်ခတ့် ပြင်းထန်ဒဏ်ရာ ရရှိ၍ အရေးပေါ် လူနာတင်ကား ငါးစီးဖြင့် လာရောက်ခေါ်ဆောင်သွားပါသည်။ စခ သုံးကောင် သေဆုံးခဲ့ပြီး လှုပ်ရှားမှုအပြီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အချိန်မီ ပြန်လည်ဆုတ်ခွာနိုင်ခဲ့" လို့ GZP က ဖော်ပြပါတယ်။

ထီးတော်မိုးရွာအနီးမှာ စစ်အုပ်စုရဲ့ အခြေစိုက်စခန်း ထီးတော်မိုးတပ် ရှိပြီး အဲ့ဒီ တပ်ထဲက စစ်အုပ်စုကပါ ရမ်းကား ပစ်ခတ်ခဲ့သလို မိုင်းပေါက်ကွဲမှု ပြင်းထန်လို့ မြေပါ တုန်တယ်လို့ ဒေသခံတွေက ပြောကြောင်း ပုသိမ်ကြီး မြေပြင်ကင်းထောက် Patheingyi Information -PIF က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုင်းဆွဲခံရလို့ ပြန်လည် ပစ်ခတ်တာဖြစ်ကြောင်းနှင့် တိုက်ပွဲဖြစ်တာ မဟုတ်ဘူးလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့နေပြီး ခိုးရာပါ ပစ္စည်းတွေကို မန္တလေး နန်းတွင်းထဲ အပါအဝင် စစ်အုပ်စု အခြေစိုက်တဲ့ စခန်းတွေထဲ သယ်ယူနေတာ ဖြစ်ပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ မတ္တရာနယ် ဧရာဝတီမြစ်ကမ်းတလျှောက် ကျေးရွာတွေက ထောင်ချီတဲ့ ပြည်သူတွေ စစ်ပြေးနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ကြာနီကန် #ထီးတော်မိုး #GZP #ပုသိမ်ကြီးပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ