မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်နေ၊ အကျဉ်းသား နှစ်ဦး ထောင်ဆေးရုံမှာ တိုက်ပိတ်ခံထားရ

မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်နေ၊ အကျဉ်းသား နှစ်ဦး ထောင်ဆေးရုံမှာ တိုက်ပိတ်ခံထားရ

MFP ၊ ဩဂုတ် - ၄

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ စစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဩဂုတ်လ (၁)ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြပြီး တိုက်ပွဲဝင်တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရန်ကုန် အင်းစိန်ထောင်က အကျဉ်းသားလေးဦးကို ကွပ်မျက်တဲ့သတင်းကြားရပြီးနောက် အိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံ သပိတ်မှောက်နေကြတာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီအနက် အကျဉ်းသား နှစ်ဦးဟာ ထောင်ဆေးရုံမှာ တိုက်ပိတ်ခံထားရပြီး အသက်အန္တရာယ်ရှိနေတယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။

No photo description available.

အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေဟာ တောင်းဆိုချက်တွေအနေနဲ့ သေဒဏ်ကျခံအကျဉ်းသားတွေကို အသက်ချမ်းသာပေးဖို့၊ အာဆီယံအဖွဲ့အစည်းက တောင်းဆိုထားတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ၊ သက်သေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ အကျဉ်းသားတွေ ရပိုင်ခွင့် ထိန်းချုပ်ကန့်သတ်ထားတာကို ဖြေလျော့ပေးဖို့တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထောင်တွင်းတရားစီရင်ရေးစနစ်ကို ဩဂုတ်လ (၁)ရက်နေ့ကစပြီး သပိတ်မှောက်နေတယ်လို့လည်း ထောင်ထဲက ထွက်ပေါ်လာတဲ့စာတစ်စောင်အရ သိရပါတယ်။

စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ချမှတ်ထားတာ (၃၂)ယောက်ရှိပြီး အဲဒီအနက် (၂၀)ဦးခန့်ဟာ မန္တတလေး အိုးဘိုထောင်ထဲမှာ ရောက်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ အိုးဘိုထောင်ထဲက သေဒဏ်ချမှတ်ခံထားရသူတွေကို ဩဂုတ်လ (၂)ရက်စပြီး အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ လည်ပင်းဆိုဒ်၊ ဆီးချိုသွေးချိုတွေ တိုင်းတွေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့လပိုင်းတွေက ထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာတွေလုပ်ဆောင်နေပြီး အလုပ်ကြမ်းတွေ လုပ်ဆောင်ခိုင်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #အစာငတ်ခံတိုက်ပွဲဝင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ