ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာလင်း ပ.က.ဖ ဌာနချုပ်စခန်း လက်လွှတ်ခဲ့ရ၊ ပကဖ ရဲဘော်တွေ အထိအခိုက် မရှိဘဲ စခန်းမှာ ဖမ်းထားတဲ့ စကစ သတင်းပေး သုံးယောက် သေ၊

ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာလင်း ပ.က.ဖ ဌာနချုပ်စခန်း လက်လွှတ်ခဲ့ရ၊ ပကဖ ရဲဘော်တွေ အထိအခိုက် မရှိဘဲ စခန်းမှာ ဖမ်းထားတဲ့ စကစ သတင်းပေး သုံးယောက် သေ၊

MFP၊ သြဂုတ် - ၂၉

စစ်ကိုင်းတိုင်း ကောလင်းမြိုနယ် အနောက်ခြမ်းရှိ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ ဌာနချုပ် စခန်းကုန်းကို မနေ့က နေ့လည်ပိုင်းမှာ စစ်အုပ်စုက လေကြောင်းကနေ လေးကြိမ်အထိ ပစ်ခတ် စီးနင်းတာကြောင့် စခန်း လက်လွှတ်လိုက်ရတယ်လို ကောလင်း ပကဖ က ဗိုလ်ဒေါင်းနီက MFP ကို ပြောပါတယ်။

သြဂုတ်(၂၈)ရက် နေ့လယ်(၁)နာရီလောက်မှာ စစ်အုပ်စုက ကောလင်း ပကဖ ဌာနချုပ်စခန်းကုန်းကို ရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်အုပ်စုရဲ့ လေကြောင်းပစ်ခတ်မှု လေးကြိမ်မှာ နှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက် မရှိပေမယ့် စခန်းမှာ ဖမ်းဆီးထားတဲ့ စကစ သတင်းပေး ငါးယောက်ထဲက သုံးယောက် လက်နက်ကြီး ထိမှန်သေဆုံးတယ်လို ဆိုပါတယ်။

ကောလင်း ပ.က.ဖ ဌာနချုပ်စခန်း လေကြောင်းတိုက်ခိုက်ခံရချိန် စခန်းထဲမှာ စခန်းစောင့် ရဲဘော်နှစ်ဦးနှင့် ဖမ်းထားတဲ့ စကစ သတင်းပေး ငါးဦးသာ ရှိနေပြီး ရဲဘော်တွေ အားလုံး ရှေ့တန်းတနေရာ ရောက်နေတာကြောင့် လေယာဉ်နဲ့ ဗုံးကျဲ ခံရပေမယ့် ပ.က.ဖ ရဲဘော်တွေ ထိခိုက်ကျဆုံးမှု မရှိဘူးလို ဗိုလ်ဒေါင်းနီက ရှင်းပြပါတယ်။

"စခန်းထဲမှာ ဖမ်းထားတဲ့ အချုပ်သား ငါးယောက်ရှိတယ်။ ဒလ-န်ပေါ့။ ပြီးတော့ စခန်းစောင့်က များများ မကျန်ခဲ့ဘူးဗျ။ နှစ်ယောက်ပဲ ရှိတယ်။ ကျနော်တို အားလုံးက ရှေ့တန်း ထွက်နေကြတာ။ ရှေ့တန်း ရောက်နေတဲ့အချိန်နဲ့ သူတို့ ဝင်ပစ်တဲ့အချိန်နဲ့ သွားညားတာ"လို ဗိုလ်ဒေါင်းနီက MFP ကို ပြောပါတယ်။

အခုလို ကောလင်း ပကဖ ဌာနချုပ်စခန်းနဲ့ မိုင်းစခန်း ပစ်ခတ်စီးနင်းခံရတာဟာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထားရာကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ Non-CDM ကျောင်းဆရာ လင်မယားကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြောင်းလည်း ဗိုလ်ဒေါင်းနီက ဆိုပါတယ်။

"Non-CDM ကျောင်းဆရာ လင်မယားကို ဒလ-န်အကြီးစား ဆိုပြီးတော့ ဖမ်းထားတာ။ ရက်ကြာလာတဲ့ အခါကြတော့ စိတ်ချရပြီ ထင်ပြီး အချုပ်ခန်းထဲ မထားဘဲ အပြင်မှာ ထားတဲ့အချိန် ထွက်ပြေးသွားတာ။ အဲဒီကျောင်းဆရာ လင်မယားကတဆင့် သတင်းပေါက်ကြားပြီး အစီးခံရတယ်လို ယူဆထားတယ်" လို့ ဗိုလ်ဒေါင်းနီက ပြောပါတယ်။

ကောလင်း ပကဖ ဌာနချုပ်စခန်း စီးနင်းခဲ့တဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ မနေ့က နေ့လယ်(၁၂)နာရီခွဲက ကောလင်းမြိုနယ်၊ သရက်တောကျေးရွာ အနီးက PDF စခန်းကို စီးနင်းခဲ့ပြီး တဲရှစ်လုံး၊ လက်လုပ်သေနတ် (၁၁)လက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ အိုက်ကွန် အထိုင်စက် နှစ်လုံး၊ ဆိုင်ကယ် သုံးစီး၊ KIA ဘက်တံဆိပ်ပါ ပြောက်ကျားယူနီဖောင် နှစ်စုံ၊ မိုင်း၊ ကျည်ဆံနှင့် ဆေးမျိုးစုံ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒီနေ့ သြဂုတ်(၂၉)ရက်မှာ စစ်အုပ်စု အင်အား(၇၀)လောက်က ကောလင်းမြို့နယ် အနောက်ခြမ်းက ညောင်ပင်လှရွာထဲ ဝင်မွှေလုယက် သောင်းကျန်းနေပြီး အနီးဝန်းကျင် ရွာတွေကို ဆက်လက်ဝင်မွှေ သောင်းကျန်းမယ့် အခြေအနေ ရှိတယ်လို့ ကောလင်း ပကဖ က ဆိုပါတယ်။

လက်ရှိမှာ ကောလင်းနယ် အနောက်ခြမ်း အပါအဝင် ကောလင်း၊ ကျွန်းလှ နှင့် ကန့်ဘလူနယ်အစပ်က ရွာတွေထဲ စစ်အုပ်စုက မြေပြင်၊ ဝေဟင် ပစ်ခတ်စီးနင်း သောင်းကျန်းပြီး ရွာမီးရှို့၊ ဒေသခံတွေကို သ-တ်-ဖြတ်တာတွေ ကျူးလွန်နေတာကြောင့် ကျေးရွာ (၃၀)ကျော်က သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သတင်း ရရှိပါတယ်။

ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှနယ်အစပ်က ကျေးရွာတွေကို ပစ်မှတ်ထားကာ စစ်အုပ်စုက ယခုရက်ပိုင်းအတွင်း လေယာဉ်နဲ့ ကြဲချခဲ့တဲ့ ဗုံးတစ်လုံး/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကောလင်း #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ