စစ်အုပ်စုက ဖမ်းဆီးထားတဲ့ အထက်တန်းပြဆရာ ကိုရန်စိုးပိုင်ကို ထောင်ဒဏ် (၈)နှစ် ချမှတ်

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ အထက်တန်းပြဆရာ ကိုရန်စိုးပိုင်ကို ထောင်ဒဏ် (၈)နှစ် ချမှတ်

MFP ၊ ဩဂုတ် (၃၀)

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ဟောင်း၊ အထက်တန်းပြဆရာ ကိုရန်စိုးပိုင်ကို စုစုပေါင်း ထောင်ဒဏ် (၈)နှစ် ချမှတ်လိုက်တယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

ကိုရန်စိုးပိုင်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃၀)ရက်၊ ည (၁၀)နာရီခန့်မှာ အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကောင်မတီ(BEGSC)ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်၊ ကိုနောင်ထက်အောင်၊ ဆရာ နိုင်းသီဟကျော်တို့နဲ့အတူ မန္တလေးမြို့ပေါ်က Safe House နေအိမ်တစ်လုံးမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)တို့နဲ့ အမှုဖွင့်အရေးယူခံရပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခဲ့ခဲ့ရတာ ဖြစ်ပါတယ်။

ကိုရန်စိုးပိုင်ကို ပုဒ်မ ၅၀၅(က) အမှုအတွက် ထောင်ဒဏ် ဩဂုတ်လ (၁၇)ရက်မှာ ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ပုဒ်မ ၅၂(က)အမှုအတွက်တော့ တရားစီရင်ရေးကို သပိတ်မှောက်ထားတဲ့အတွက် မျက်ကွယ်အမိန့် (၅)နှစ် ချမှတ်ခံရတာဖြစ်တယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ ဆရာမ ဒေါ်သက်ဆုလိုင်ကို အကြမ်းဖက်ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)တို့နဲ့ တရားစွဲဆိုထားပြီး အကြမ်းဖက်ပုဒ်မအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ထားပါတယ်။ ကိုနောင်ထက်အောင်ကိုတော့ ဩဂုတ်လ (၁၀)ရက်မှာ ပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် သုံးနှစ် ချမှတ်ထားပါတယ်။

ဆရာ နိုင်းသီဟကျော်ကိုတော့ ဩဂုတ်လ (၁၁)ရက်မှာ ပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် သုံးနှစ်၊ ဩဂုတ်လ (၁၇)ရက်မှာ ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ထားတယ်လို့ BEGSC က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပညာရေးဝန်ထမ်း #အထက်တန်းပြဆရာ #ထောင်ဒဏ်ချမှတ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ