ရေစကြိုမှာ စစ်အုပ်စုက ပြည်သူတွေရဲ့ ဆန်၊စပါးနှင့်ပဲတွေကို စားသုံးလို့ မရအောင် ရောမွှေ၊ ဓာတ်ဆီလောင်းပြီး ထွန်စက်နဲ့ ကြိတ်ကာ ဖျက်ဆီး၊

ရေစကြိုမှာ စစ်အုပ်စုက ပြည်သူတွေရဲ့ ဆန်၊စပါးနှင့်ပဲတွေကို စားသုံးလို့ မရအောင် ရောမွှေ၊ ဓာတ်ဆီလောင်းပြီး ထွန်စက်နဲ့ ကြိတ်ကာ ဖျက်ဆီး၊

MFP ၊ စက်တင်ဘာ - ၁၆

မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း အကြမ်းဖက်နေတဲ့ စစ်အုပ်စုဟာ ဒေသခံပြည်သူတွေ စုဆောင်းထားတဲ့ ဆန်၊ စပါး၊ ပဲနှင့် ကောက်ပဲသီးနှံတွေကို စားသုံးလို့ မရတော့အောင် ရောနှော မွှေနှောက်၊ ဓာတ်ဆီလောင်းကာ ထွန်စက်နဲ့ ကြိတ်ပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ(၅)ကတည်းက ရေစကြိုနယ် ရေလယ်ကျွန်းဒေသ ရွာတွေထဲ အဖွဲ့လေးဖွဲ့ခွဲကာ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ(၆)ရက်မှာ မီးလောင်ကျွန်းရွာနှင့် ရေယှားရွာက နေအိမ်တွေကို လုယက်ဖျက်ဆီး မီးရှို့ပြီးနောက် ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို စားသုံးလို့ မရတော့အောင် အထက်ပါ နည်းအတိုင်း ဖျက်ဆီးခဲ့တာလို့ ရေလည်ကျွန်း သတင်းအဖွဲ့က ဖော်ပြပါတယ်။

“မီးလောင်ကျွန်း ကျေးရွာနှင့် ရေယှားကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးသော အကြမ်းဖက် စကစ တပ်သားများသည် ပြည်သူများ၏ ဆန်၊ စပါး၊ ကောက်ပဲသီးနှံများကို ရောထွေး မွှေနှောက်ကာ ထွန်စက်ဖြင့် ကြိတ်ခြင်း၊ ဓာတ်ဆီများ လောင်းထည့်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းအပြင် ဓားစာခံ ပြည်သူများကိုလည်း လူကြီး၊ လူငယ် အမျိုးသမီးများပါ မကျန် ဝမ်းလျား မှောက်ခိုင်း၍ တုတ်ဖြင့် ရိုက်ခဲ့ကြောင်းလည်း သိရသည်” လို့ ရေလည်ကျွန်း သတင်းအဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုက အင်အား(၅၀၀)လောက်နဲ့ အဖွဲ့လေးဖွဲ့ခွဲကာ ရေလည်ကျွန်းဒေသကို ဝိုင်းညှပ်ပိတ်ဆို့ပြီး ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းနေလို့ ရေလည်ကျွန်းဒေသ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပြီး ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ၊ သ-တ်-ဖြတ်ခံရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေ မိုးထဲရေထဲ ဝရုန်းသုန်းကာ ထွက်ပြေးနေရဆဲမို့ စစ်အုပ်စုရဲ့ ဖမ်းဆီး သ-တ်-ဖြတ်ခံရသူ အရေအတွက်နှင့် ထိခိုက်ပျက်စီးမှု အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီမှ ရေလယ်ကျွန်းဒေသသို့ ဝင်ရောက် စစ်ကြောင်းထိုး နေသည်ဖြစ်ရာ စစ်ရှောင်ပြည်သူ အရေအတွက်မှာလည်း များပြားလျက်ရှိနေသည်။ ဒေသခံ မိဘ ပြည်သူများ အနေဖြင့် အနီးဝန်းကျင်သို့ ပုန်းရှောင်လာသော စစ်ရှောင် ပြည်သူများ၏ စားဝတ်နေရေး အတွက် ပြည်သူအချင်းချင်း ကူညီဖေးမပေးကြဖို့ အထူး မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်” လို့ ရေလည်ကျွန်းသတင်းအဖွဲ့က မေတ္တာရပ်ခံ ထားပါတယ်။

စစ်အုပ်စုဟာ သြဂုတ် လကုန်ပိုင်းကလည်း ရေစကြိုနယ် ရေလည်ကျွန်းဒေသ ငတရော်နှင့် လှေခုတ်ရွာတွေကို ရွာလုံးကျွတ် ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရွာပေါင်း အိမ်ခြေ (၇၀၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသက ဒေသခံပြည်သူတွေရဲ့ ဆန်၊ စပါး၊ ပဲနှင့် ကောက်ပဲသီးနှံတွေကို စားသုံးလို့ မရတော့အောင် စစ်အုပ်စုက ရောမွှေ၊ ဓာတ်ဆီးလောင်းပြီး ထွန်စက်နဲ့ ကြိတ်ကာ ဖျက်ဆီးခဲ့စဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ရေလည်ကျွန်း #မီးလောင်ကျွန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ