ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာ(၂၇၀)အတွက် နစ်နာကြေး ဘတ်ငါးသန်းကျော် ရအောင် ဆောင်ရွက်နိုင်ခဲ့ဟု NUG ထုတ်ပြန်၊ ယခုတစ်ပတ်အတွင်း ထိုင်းမှာ မြန်မာလုပ်သား (၅၀၀) နီးပါး အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊

ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာ(၂၇၀)အတွက် နစ်နာကြေး ဘတ်ငါးသန်းကျော် ရအောင် ဆောင်ရွက်နိုင်ခဲ့ဟု NUG ထုတ်ပြန်၊ ယခုတစ်ပတ်အတွင်း ထိုင်းမှာ မြန်မာလုပ်သား (၅၀၀) နီးပါး အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊

MFP ၊ စက်တင်ဘာ - ၁၅

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေရှိ အီလက်ထရောနစ် စက်ရုံက အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမား (၂၇၀)ဦး အတွက် နစ်နာကြေး ဘတ်ငါးသန်း (ကျပ်သန်း၄၅၀ကျော်) ရရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေး ယန္တရားက သတင်း ထုတ်ပြန်ပါတယ်။

အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေက NUG ဆီ အကူညီတောင်းခံခဲ့‌တာကို ကူညီခဲ့တာလို့ ဆိုပါတယ်။

NUG အလုပ်သမား ဝန်ကြီးဌာနက အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံရဲ့ တည်ဆဲ အလုပ်သမား ဥပဒေတွေနဲ့အညီ ကူညီဖြေရှင်ပေးဖို့ ကိုရဲမင်း (AACအဖွဲ့)ကို တာဝန်ပေးအပ်ခဲ့ပြီး ပထုန်ဌာနီခရိုင် အလုပ်သမားဌာနတွေ၊ စက်ရုံတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ကာ စက်တင်ဘာ(၁၃)ရက်က စက်ရုံကို သွားရောက်ပြီး ကူညီဖြေရှင်းခဲ့ရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

အလုပ်လုပ်ထားတဲ့ လဝက်စာ လုပ်အားခအပြင် အလုပ်သမားတွေကို ကြိုတင် အကြောင်းမကြားဘဲ အလုပ်ထုတ်ပယ်တဲ့အတွက် နစ်နာကြေး (၁၅) ရက်စာ လုပ်ခနဲ့ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေရဲ့ လုပ်သက်ဟာ ရက်ပေါင်း (၁၂၀) အထက်ဖြစ်လို့ လုပ်သက်နစ်နာကြေး (၃၀) ရက်စာ လုပ်ခ ခံစားခွင့်တွေ ရရှိခဲ့ပြီး စုစုပေါင်း ဘတ်ငါးသန်းကျော်ကို စက်တင်ဘာ(၁၄)ရက်မှာ အလုပ်သမား တစ်ဦးချင်းစီကို ခံစားခွင့်အလိုက် ဘဏ်ကတ်ထဲ စက်ရုံက ပို့ပေးမယ်လို့ NUG က ဆိုပါတယ်။

NUG အလုပ်သမားဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၉) ရက်ကလည်း ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုက မြန်မာအလုပ်သမား (၂၂၇)ဦးကို အကြောင်းမဲ့ အလုပ်ထုတ်တဲ့ ကိစ္စကိုလည်း နစ်နာမှု မရှိအောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေအနက်က ယခုလ ခုနစ်ရက်အတွင်း အကြောင်းမဲ့ အလုပ်ထုတ်ခံရသူ (၄၃၇)ဦးနှင့် အလုပ်ထုတ်ခံရတော့မယ့်သူ (၆၀)ဦး ရှိတယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေး ယန္တရားက ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ထိုင်း #မြန်မာ #ရွှေ့ပြောင်းလုပ်သား 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ