ဆီမီးခုံမှာ အရက်မူးပြီး ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ စစ်ဗိုလ် ရေနစ်သေ

ဆီမီးခုံမှာ အရက်မူးပြီး ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ စစ်ဗိုလ် ရေနစ်သေ

MFP ၊ စက်တင်ဘာ ၃၀

မန္တလေးတိုင်း၊ မြင်းခြံနယ်၊ ဆီမီးခုံ ဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ရေတပ်က ဗိုလ်အဆင့်ရှိ စကစ တစ်ယောက် အရက်မူးပြီး ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရာက ရေနစ်သေတယ်လို့ ဒေသတွင်း မြေပြင်သတင်းတွေ တင်ဆက်နေတဲ့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။

စက်တင်ဘာ(၂၅)ရက် စစ်ကောင်စီ သစ္စာခံ ဗိုလ်တစ်ယောက် သောက်စားမူးရူးပြီး ရေဆင်းချိုးရာက ရေနစ်သေတာ ဖြစ်ပြီး စစ်အုပ်စုကတော့ အဲ့ဒီသတင်းကို ဖုံးကွယ်ထားတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာမှုမှာ အချက်အချာကြတဲ့ မြင်းခြံနယ် ဆီမီးခုံဆိပ်ကမ်းမှာ စစ်သင်္ဘော တစ်စီး အပါအဝင် စကစ အင်အား (၁၀၀)လောက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ အမြဲတန်း အထိုင်ချ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ဆီမီးခုံဆိပ်ကမ်းမှာ အထိုင်ချနေတဲ့ စစ်အုပ်စုဟာ ဒေသခံပြည်သူတွေကို ထင်တိုင်ကျဲ အနိုင်ကျ့်င့ သောင်းကျန်းနေပြီး ဆီတင်သင်္ဘောတွေ အပါအဝင် ခရီးသွား ပြည်သူတွေရဲ့ ရေယာဉ်တွေကို လက်နက်ပြ မိုက်ကြေးဆွဲ ဆက်ကြေးတောင်းတာတွေ နေ့စဉ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရေနစ်သေတဲ့ စကစနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လအတွင်းကလည်း ဆီမီးခုံမြို့ရဲ့ တဖက်ကမ်း၊ စစ်ကိုင်းတိုင်း မြောင်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုထဲက စကစတစ်ယောက် ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရင်း ရေနစ်ရာ တခြား စကစ နှစ်ယောက်က ဆင်းဆယ်ရင်း စကစ သုံးယောက်လုံး သေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့(CDSOM)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂၀၂၁ ဇွန်လကုန်ပိုင်းကလည်း မန္တလေးမြို့၊ (၂၆)လမ်းနှင့် (၇၈)လမ်းထောင့်မှာ ဘန်ကာထိုးပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုထဲက စကစတစ်ယောက် ကျုံးထဲ ရေဆင်းချိုးရာက ရေနစ်သေပါတယ်။

ဆီမီးခုံဆိပ်ကမ်းအနီးမှာ တွေ့ရတဲ့ စကစ သင်္ဘောတွေ/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဧရာဝတီမြစ် #စစ်ဗိုလ် #အရက်မူး #ရေနစ်သေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ