ချောင်းဦးမှာ စစ်ကားကို မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ရာ စကစ ရှစ်ယောက်သေ၊ သေနတ်သုံးလက်နှင့် ခဲယမ်းတွေ သိမ်းဆည်းရရှိ၊

ချောင်းဦးမှာ စစ်ကားကို မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ရာ စကစ ရှစ်ယောက်သေ၊ သေနတ်သုံးလက်နှင့် ခဲယမ်းတွေ သိမ်းဆည်းရရှိ၊

MFP ၊ စက်တင်ဘာ - ၂၆

မန္တလေး - မုံရွာလမ်း၊ ချောင်းဦးမြို့နယ်မှာ မနေ့က စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ပြီး ကားပျက်သွားချိန် ထပ်မံ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစ ရှစ်ယောက် သေပြီး သေနတ် သုံးလက်နှင့် ခဲယမ်းတချို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - CHU PDF က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၅)ရက်က မန္တလေး - မုံရွာလမ်းအတိုင်း စစ်ကိုင်းကနေ မုံရွာဘက် မောင်းလာတဲ့ စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ် ကားတန်းကို ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြားမှာ ချောင်းဦး CHUPDF တပ်ခွဲ(၄) (မိုင်းတပ်ခွဲ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီး ပျက်စီးကာ ရပ်တန့်သွားခဲ့ချိန် ထပ်မံ ပစ်ခတ် တိုကခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားတစ်စီးပျက်စီးပြီး ရပ်တန့်သွားရာ အကြမ်းဖက် စစ်ကောင်စီကား နောက်တစ်စီးက ရပ်တန့်ကူညီခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီ ကား နှစ်စီး ရပ်တန့်ပြုပြင်နေကြောင်းကို CHUPDF တပ်ခွဲ(၄)-(မိုင်းတပ်ခွဲ) ရဲဘော်များ၏ သတင်းပေးပို့ချက်အရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ် တာဝန်ခံထံ ဆက်လက် သတင်းပို့ကာ ချောင်းဦးမြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနှင့် လေ့ကျင့်ရေး တာဝန်ခံဦးစီး အင်အား လေးဦး နှင့် CHUPDF တပ်ခွဲ (၁)၊ တပ်ခွဲ (၄) ပူးပေါင်းအဖွဲ့က အဆိုပါကား နှစ်စီးကို ဝင်ရောက်ရှင်းလင်းခဲ့ရာ ကားပေါ်တွင်ပါရှိသော အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင် ငါးဦးနှင့် ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှ လာရောက်ကူညီသည့် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင် တစ်ဦး ပေါင်း ခြောက်ဦး ဂန့်ခဲ့ပြီး ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှ လာရောက်ကူညီသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား နှစ်ဦး ဒဏ်ရာဖြင့် အရှင်ဖမ်းဆီး ရမိခဲ့ပါသည်။ ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ နှစ်ဦးအနက် တစ်ဦးမှာ ဖမ်းဆီး ခေါ်ဆောင်လာရာလမ်းတွင် ဂန့်သွားခဲ့ပြီး တစ်ဦးမှာ စခန်းတွင် ဆေးဝါးကုသပေး‌စဉ် ဂန့်သွားခဲ့ပါသည်” လို့ ချောင်းဦး CHU PDF က ဖော်ပြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကနေ BA-72(G1) တစ်လက်၊ MA-3 တစ်လက်၊ BA-94(Uzhi) တစ်လက်၊ 7.62(ကပစ) (၂၀)တောင့်၊ 5.56(ကပစ) (၂၆)တောင့်၊ 9mm(ကပစ) (၁၅)တောင့်၊ ဓားမြှောင် တစ်လက်၊ Mytel Keypad တစ်လုံး၊ walkitalki (ဆက်သွယ်ရေးစကားပြောစက်) တစ်လုံး သိမ်းဆည်းရရှိခဲ့ပြီး CHUPDF တပ်ခွဲ (၁) မှ ရဲဘော် တစ်ဦး၊ တပ်ခွဲ (၄) မှ ရဲဘော် တစ်ဦး ပေါင်း နှစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ချောင်းဦး #CHUPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ