မန္တလေး အမရပူရ တောင်သမန်အင်းသူကြီးကို NUG ထောက်ခံတယ်ဆိုပြီး စစ်အုပ်စုက ဖမ်းဆီး အမှုဖွင့်

မန္တလေး အမရပူရ တောင်သမန်အင်းသူကြီးကို NUG ထောက်ခံတယ်ဆိုပြီး စစ်အုပ်စုက ဖမ်းဆီး အမှုဖွင့်

MFP ၊ ဩဂုတ် - ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH၊ PDF တို့ကို ထောက်ခံအားပေးလို့ဆိုပြီး အမရပူရမြို့နယ်က ထင်ရှားတဲ့ တောင်သမန်အင်းသူကြီး ဦးချစ်ခိုင်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့တဲ့ ကိုထက်မြတ်စိုးနဲ့ ကိုသက်ဝေအောင်တို့ကို ရဲကလိုက်ဖမ်းတာကြောင့် ဦးချစ်ခိုင်ပိုင်ဆိုင်တဲ့ မြစ်ငယ်မြို့၊ စက်ကွေ့ရပ်နေအိမ်မှာ ရှောင်တိမ်းနေထိုင်စေပြီး အခြားနောက်ထပ်တစ်နေရာကို ရှာဖွေပေးခဲ့တာတွေ ပေါ်ပေါက်တဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

ဒါ့ကြောင့် ဦးချစ်ခိုင်ကို မြစ်ငယ်ရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က) နဲ့ စစ်အုပ်စုက အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

ဦးချစ်ခိုင်ဟာ တောင်သမန်အင်းကို လေလံဆွဲပြီး ငါးဖမ်းရောင်းချတဲ့ အင်းသူကြီးအဖြစ် လူသိများပါတယ်။

စစ်အုပ်စုဟာ ယခင်က စီးပွားရေး လုပ်ငန်းကြီးတွေကို ဖမ်းဆီးငွေညှစ်ခဲ့ရာက လက်ရှိမှာ အလယ်အလတ် စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးငွေညှစ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ဓာတ်ပုံ၊ ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရတဲ့ တောင်သမန်အင်းသူကြီး ဦးချစ်ခိုင်

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သမန်အင်းသူကြီးဦးချစ်ခိုင် #စစ်တပ်ကဖမ်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ