မြင်းခြံ - နွားထိုးကြီး လမ်းနှင့် ပြင်စည်ရွာကို ပိတ်ဆို့ပြီး စစ်အုပ်စုက တစ်အိမ်တက်ဆင်း လုယက်သောင်းကျန်းနေ၊

မြင်းခြံ - နွားထိုးကြီး လမ်းနှင့် ပြင်စည်ရွာကို ပိတ်ဆို့ပြီး စစ်အုပ်စုက တစ်အိမ်တက်ဆင်း လုယက်သောင်းကျန်းနေ၊

MFP ၊ စက်တင်ဘာ - ၇

မန္တလေးတိုင်း မြင်းခြံ - နွားထိုးကြီး လမ်းကို ဒီမနက်ပိုင်းက စတင်ပြီး ပိတ်ဆို့ထားကာ စစ်အုပ်စုက နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာထဲ ဝင်မွှေလုယက် သောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၇)ရက် မနက်ပိုင်းမှာ နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုနှင့် အသစ်ထပ်ရောက်လာတဲ့ စစ်အုပ်စု ပေါင်းပြီး ပြင်စည်ရွာ တစ်ရွာလုံးကို အဝင်အထွက် ပိတ်ဆို့ကာ တစ်အိမ်တက်ဆင်း လုယက် သောင်းကျန်းနေသလို ပြင်စည်ရွာအနီး မြင်းခြံ - နွားထိုးကြီး လမ်းကိုလည်း ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

“မနက် အစောပိုင်းကတည်းက အကုန်ပိတ်ဆိုပထားတာ။ ကားလမ်းလည်း ပိတ်ထားတယ်။ တစ်ရွာလုံးလည်း ပိတ်ထားတယ်။ ရွာထဲ ဘယ်သူမှ မဝင်ရ၊ ဘယ်သူမှ မထွက်ရ။ ခွေးတွေက တစ်အိမ်တက်ဆင်း မွှေနေတယ်တဲ့” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

ဘာကြောင့် အခုလို ပိတ်ဆို့ သောင်းကျန်းနေတာ အတိအကျ မသိရသေးပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်စည်နှင့် ဝက်လူးရွာတွေထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် အခုလို ရွာတွေကို ပိတ်ဆို့သောင်းကျန်းနေတာလို့ ဆိုပါတယ်။

“အသိုက်ကို ဖျက်ရင် အသက်ကို ပြန်ယူမယ့် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် စက်တင်ဘာ(၄)ရက် ညနေပိုင်းက နွားထိုးကြီးမြို့နယ် ဝက်လူးရွာထဲက စီးနင်းအထိုင်ချနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် ဒုက္ခပေးနေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၂)ရက် ညနေပိုင်းကလည်း နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ အထက်တန်းကျောင်းထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ NPDF က ဆိုပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရချိန်ကတည်း စစ်အုပ်စုက ဒေသခံပြည်သူတွေကို ရန်ပြု သောင်းကျန်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို ယခုအခါ ထပ်မံပြီး တစ်ရွာလုံးကို ပိတ်ဆို့ကာ လုယက်သောင်းကျန်းနေတာလို့ ဆိုပါတယ်။

နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာထဲမှာ တွေ့ရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ (ပုံဟောင်း)/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #ဝက်လူး #ပြင်စည်ရွာ #မြင်းခြံ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ