CDM တွေကို ဖိနှိပ်နေတဲ့ ပခုက္ကူ ချည်မျှင်စက်ရုံက ဗိုလ်မှူး အောင်ဇော်ဦးကို ဖမ်းဆီး၊ ပြန်လည်ခုခံလို့ ပစ်ခတ်ရာက လင်မယားနှစ်ယောက်လုံး သေ၊

CDM တွေကို ဖိနှိပ်နေတဲ့ ပခုက္ကူ ချည်မျှင်စက်ရုံက ဗိုလ်မှူး အောင်ဇော်ဦးကို ဖမ်းဆီး၊ ပြန်လည်ခုခံလို့ ပစ်ခတ်ရာက လင်မယားနှစ်ယောက်လုံး သေ၊

MFP ၊ သြဂုတ် - ၂၆

CDM ဝန်ထမ်းတွေကို ခြမိးခြောက်တာ၊ ရန်ပြုဖိနှိပ်တာနှင့် နှင်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပခုက္ကူမြို့၊ အမှတ်(၅)ချည်မျှင်နှင့်အထည် စက်ရုံက ဗိုလ်မှူး အောင်ဇော်ဦး ကို ဝင်ရောက် ဖမ်းဆီးရာမှာ ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဗိုလ်မှူးအောင်ဇော်ဦးနှင့် ဇနီးဖြစ်သူ သေဆုံးတယ်လို့ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Young Force က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၂၆)ရက် မနက်(၆)နာရီက မကွေးတိုင်း ပခုက္ကူမြို့၊ မြို့သစ်ရှိ အမှတ်(၅)ချည်မျှင်နှင့်အထည် စက်ရုံက ဗိုလ်မှူး အောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

No photo description available.

“ဖမ်းဆီးရာတွင် အညံ့မခံဘဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မျာအား MA(1)ဟု ယူဆရသော လက်နက်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပါသည်။ လ/န ချ အဖမ်းခံရန် အော်ပြောသောလည်း ဆက်လက် ပစ်ခတ်သောကြောင့် မိမိတို့တပ်ဖွဲ့များမှ ပစ်ခတ်ရာ အမျိုးသမီးမှာ နေရာတွင် သေဆုံးပြီး ဗိုလ်မှူး အောင်ဇော်ဦး လည်း ဒဏ်ရာများရရှိပြီး ဆေးရုံသို့ ပို့ဆောင်ရာတွင် ဆေးရုံမှာဘဲ သေသွားကြောင်း ကနဦးသိရှိရပါသည်” လို့ Young Force က ဖော်ပြပါတယ်။

ပခုက္ကူ မြို့ထဲကနေ ဖက်ဆစ်တပ်တွေ စစ်ကူလာလို့ ပြန်လည်ဆုတ်ခွာခဲ့ပြီး အဲ့ဒီအချိန် ဗိုလ်မှူးအောင်ဇော်ဦးက ခုခံပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆက်စပ်ပစ္စည်းအနေဖြင့် Laptop တစ်လုံး၊ လူကြီးခရီးစဉ် မှတ်စု စာအုပ်တစ်အုပ်၊ ကားတစ်စီးအား သိမ်းဆည်းရရှိခဲ့ပါသည်။ ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များပါ ရရှိထားပြီး အရေးယူမှုများ လုပ်ဆောင်သွားပါမည်။ ကျန်ရှိသည့် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိပါ။ CDM များအား စက်ရုံမှ နှင်ထုတ်ခြင်း၊ ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းများအထိ နာမည်ဆိုးဖြင့် ကျော်ကြားသူလည်း ဖြစ်ပါတယ်” လို့ Young Force က ဖော်ပြပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force ၊ Defense Team Pakokku (DTP)နှင့် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၁၈)ရက်ကလည်း ပခုက္ကူမြို စက်မှုဇုန်၊ (၆)လမ်းထဲမှာ အထိုင်ချ တပ်စွဲနေပြီး ပြည်သူတွေကို လက်နက်ပြ ဆက်ကြေးတောင်းနေတဲ့ ဖက်ဆစ်တပ်ကို ဒေသ ကာကွယ်ရေး တပ်ဖွဲဝင်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ ခြောက်ယောက် သေတယ်လို့ Young Force တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပခုက္ကူ #UG #ပကဖ #PDF #စက်ရုံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ