မုံရွာ ထန်းလေးပင်ရွာ တိုက်ပွဲမှာ ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံး၊ စစ်အုပ်စုက ဓားစာခံ ဖမ်းထားသူ သုံးဦးကို ခေါင်းဖြတ်သတ်ပြီး နေအိမ် (၁၁)လုံးကို မီးရှို့၊

မုံရွာ ထန်းလေးပင်ရွာ တိုက်ပွဲမှာ ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံး၊ စစ်အုပ်စုက ဓားစာခံ ဖမ်းထားသူ သုံးဦးကို ခေါင်းဖြတ်သတ်ပြီး နေအိမ် (၁၁)လုံးကို မီးရှို့၊

MFP ၊ နိုဝင်ဘာ - ၉

စစ်ကိုင်းတိုင်း မုံရွာမြို့ တောင်ဘက်က ကျေးရွာတွေထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို နိုဝင်ဘာ(၆)ရက် နေ့လည်ပိုင်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ရာ စကစ (၁၇)ယောက် ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံးတယ်လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၆)ရက် နေ့လည်က မုံရွာမြို့ တောင်ခြမ်း ထန်းလေးပင်ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄)ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)က ဦးဆောင်ပြီး မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)၊ တပ်ခွဲ (၄)၊ 5/Teachers PDF ၊ Springs Dove ၊ ရွှေညီအကို ပြောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးတဲ့ ပြည်သူ့ရဲဘော်တွေဟာ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄)ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)က တပ်ခွဲမှူး ရဲဘော် ကိုတင်မိုးဝင်း (၂၅နှစ်)၊ ဒု-တပ်ခွဲမှူး ရဲဘော်ကိုကျော်မျိုးေ၀ (၃၈-နှစ်)၊ တပ်စုမှူး ရဲဘော် ကိုအေးမင်းသန်း (၁၉-နှစ်)၊ တပ်စုမှူး ရဲဘော် ကိုတိုးအောင် (၂၅-နှစ်)၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)၊ တပ်ခွဲ (၄)၊ 5/Teachers PDF - တပ်စိပ်(၃) သေမင်းတမန် PDF ရဲ့ ဒု-တပ်စိပ်မှူး ရဲဘော်ကိုရဲလင်းအောင် (၂၀-နှစ်)၊ 5/Teachers PDF - တပ်စိပ် (၄) ရွှေညီအကို ပြောက်ကျားတပ်ဖွဲ့ တပ်စိပ်မှူး ရဲဘော် ကိုထွန်းထွန်းဝင်း (၄၀-နှစ်) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ထန်းလေးပင်ရွာထဲ စီးနင်းအထိုင်ချပြီး လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အင်အား (၁၅၀)ကျော်ပါ စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာမှာ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က သာလွန် လက်နက်အင်အား၊ လူအင်အားနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အနေနဲ့ လက်နက်ခဲယမ်း မလုံလောက်ဘဲ ကျည်ကုန်သွားတဲ့အတွက် ရဲဘော် ခြောက်ဦးအထိ ကျဆုံးခဲ့ရတယ်လို့ CAF က ဖော်ပြပါတယ်။

"မုံရွာတောင်နယ်အခြမ်းတွင် မီးရှို့၊ လူများသတ်ဖြတ်ပြီး ထန်းလေးပင်ရွာကို တပ်ဆွဲထားသော စကစ အင်အား ( ၁၅၀ ) ကျော်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အပြန်အလှန် ပစ်ချိန်အတွင်း စကစ ဘက်မှလည်း စက်သေနတ်များ ၊ လက်နက်ကြီး အချက်ရေ (၈၀) ကျော် ၊ RPG အချက်ရေ (၂၀) ကျော် ၊ မူးဝေစေသော ဗုံးများ(ဓာတုလက်နက်) အပြင် စစ်ကြောင်း သုံးကြောင်း၊ သာလွန် လက်နက်အင်အားဖြင့် ပြောက်ကျားစစ်လည်း ပြန်ထိုးဆင်လာသောကြောင့် နှစ်ဦးဒဏ်ရာရပြီး ကျည်ကုန်နေသော ရဲဘော် နှစ်ယောက် ဖမ်းခံရကာ စစ်ဆေးမေးမြန်းရာတွင် ဘာမှမပြောသောကြောင့် တေ့ပစ်သတ်သွားပြီး နိုင်ငံသားကောင်းရတနာ ခြောက်ဦးအထိ ကျဆုံးပြီး အကြမ်းဖက် စကစ ဘက်မှ (၁၇)ကောင် အထက် သေဆုံး" လို့ CAF က ဖော်ပြပါတယ်။

ထန်းလေးပင်ရွာ တိုက်ပွဲမှာ စကစတွေလည်း အသေအပျောက် ရှိခဲ့ပြီးနောက် နိုဝင်ဘာ(၇)ရက်မှာ စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းထားတဲ့ ထန်းလေးပင်ရွာသား သုံးဦးကို ခေါင်းဖြတ် သတ်ပြီး နေအိမ် (၁၁)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ ထန်းလေးပင်ရွာသား သုံးဦးဟာ ကိုထွေးဇော်ဦး (ခေါ်) ဥပက (၃၇-နှစ်) (မေးရိုးအောက် သေနတ်ဒဏ်ရာဖြင့်သေဆုံး)၊ ကိုကျော်မျိုးဝင်း (၄၀-နှစ်) (လက်ဖျံသေနတ်ဒဏ်ရာရရှိ၊ ရိုက်သတ်ခံရသဖြင့် သေဆုံး)နှင့် ကိုစိန်လှိုင်(ခေါ်)ဆံနီ (၄၅-နှစ်) (ခေါင်းဖြတ် သတ်ခံရ) တို့ ဖြစ်ပြီး ထန်းလေးပင်ရွာက ပြည်သူ့နေအိမ် (၁၁)လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ(၃)ရက်က စတင်ပြီး မုံရွာမြို့ တောင်ဘက်က ရွာတွေထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့ သောင်းကျန်းတာဖြစ်ပြီး နိုဝင်ဘာ(၃)နှင့်(၄)ရက်တွေမှာ နဂါးတွင်းကျေးရွာ၊ ထိန်ပင်စုရွာ၊ ဂျိုးစုရွာနှင့် တဲတိုက်တွေထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး ပြည်သူတစ်ဦးကို သတ်ကာ နေအိမ်တွေကို မီးရှို့ခဲ့သလို အဖွဲ့တွေခွဲပြီး ချမ်းသာကျွန်းရွာ၊ ဆင်ဖြူကျွန်းရွာ၊ ရန်နိုင်ကျွန်းရွာ၊ ထန်းလေးပင်ရွာ၊ ဆူးလေကုန်းရွာ၊ ကြာပိုင်ရွာ စတဲ့ ရွာတွေထဲ ထင်တိုင်းကျဲ လုယက်၊ သတ်ဖြတ်၊ ဓားပြတိုက်၊ မီးရှို့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့နယ် ထန်းလေးပင်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော် ခြောက်ဦးအနက် သေမင်းတမန်ပြောက်ကြားအဖွဲ့ ( Salingyi ) တပ်ဖွဲ့ဝင် ရဲဘော် ကိုရဲလင်းအောင် (ခ) ဂျပန်ကြီး နှင့် ထန်းလေးပင်ရွာက နေအိမ်တွေကို စစ်အုပ်စုက လုယက် ဖျက်ဆီး မီးရှို့သွားစဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #CAF #ထန်းလေးပင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ