စစ်အာဏာသိမ်းပြီးနောက် တစ်ရက်မှ ရုံးမဖွင့်နိုင်သေးတဲ့ မန္တလေး စိန်ပန်းက ရပ်ကွက်ရုံးမှာ စစ်အုပ်စု တပ်စွဲဖို့ ပြင်ဆင်၊ ရုံးနားက ဈေးဆိုင်တွေကို အဓမ္မ ဖယ်ရှားခိုင်း၊

စစ်အာဏာသိမ်းပြီးနောက် တစ်ရက်မှ ရုံးမဖွင့်နိုင်သေးတဲ့ မန္တလေး စိန်ပန်းက ရပ်ကွက်ရုံးမှာ စစ်အုပ်စု တပ်စွဲဖို့ ပြင်ဆင်၊ ရုံးနားက ဈေးဆိုင်တွေကို အဓမ္မ ဖယ်ရှားခိုင်း၊

MFP ၊ အောက်တိုဘာ - ၁၈

မန္တလေးမြို့မှာ စစ်အုပ်စုနှင့် ပျူတွေ ပိုမိုကြီးစိုး သောင်းကျန်းလာနေပြီး စစ်အာဏာသိမ်းပြီးနောက် တစ်ရက်မှ ရုံးမဖွင့်နိုင်သေးတဲ့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းအနီး၊ သံလျက်မော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ စစ်အုပ်စုက အထိုင်ချ တပ်စွဲဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၁၇)ရက်မှာ မန္တလေး၊ သံနောက်ရပ်ကွက်ရုံးကို စစ်အုပ်စုက ကားလေးစီးနဲ့ ရောက်လာပြီး စည်ပင်တွေကို အမှိုက်ခေါ်ရှင်းခိုင်းခဲ့သလို ရပ်ကွက်ရုံးဝန်းကျင်က ဈေးဆိုင်တွေကိုလည်း အဓမ္မ ဖယ်ရှား ရှင်းလင်းခိုင်းနေတာလို့ ဆိုပါတယ်။

“ မနေ့ကတည်း ရောက်လာပြီး ရုံးရှေ့လမ်းကို ပိတ်လိုက်တယ်၊ ခွေးတွေ တပ်စွဲဖို့ လုပ်နေတယ်လို့ ကြားတာပဲ " လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်က ရပ်ကွက်ရုံး နှစ်ရုံး မီးလောင်ခဲ့ပြီး တစ်ရုံးက စစ်အုပ်စုက ပြည်သူကို ပထမဆုံး မီးရှို့သတ်ဖြတ်ခဲ့တဲ့ အောင်မြေသာစံ မင်းတဲအီကင်းရပ် ရပ်ကွက်ရုံး ဖြစ်ကာ ကျန်တစ်ရုံးက သံနောက်ရပ်ကွက်ရုံး ဖြစ်ပါတယ်။

၂၀၂၁ မေ(၁)ရက် ညပိုင်းမှာ သံ/နောက်ရပ်ကွက်ရုံး မီးလောင်ပြီးနောက် စစ်အုပ်စုက ရုံးအသစ် ဆောက်လုပ်ဖို့ ကြိုးစားနေပေမယ့် မကြာခဏ ဗုံးထု တိုက်ခိုက်ခံရတာတွေကြောင့် တစ်နှစ်ကျော်အကြာ ဒီနေ့အထိ သံနောက်ရပ်ကွက်ရုံး အပြီးသတ် ဆောက်လုပ်နိုင်တာ မရှိသေးဘဲ ဖြစ်နေပါတယ်။

သံလျက်မော်အနောက်ရပ်ကွက်ရုံး မီးလောင်ပျက်စီးကာ အသစ်ပြန်လည် တည်ဆောက်ချိန်အတွင်း (၁၀) ကြိမ်ထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံရသလို သံလျက်မော် အနောက် ရပ်ကွက်ကြီးအတွင်း အကွက်၊ရပ်ကွက် (၁၈)ခု ရှိတဲ့အနက် စစ်ကောင်စီ သစ္စာခံ အကွက်မှူး လေးဦးထက်မနည်း အသတ်ခံထားရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ(၁၀)ရက် ညပိုင်းကလည်း သံအနောက်ရုံး ဗုံးထုခံရပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါသေးတယ်။

စစ်အုပ်စုကလည်း မန္တလေး စိန်ပန်းနှင့် သံနောက်ရပ်ကွက်က ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ်နေပြီး အရပ်သားပြည်သူ (၁၀)ဦး ထက်မနည်း ရှိခဲ့ကာ ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။

လက်ရှိမှာတော့ ရပ်ကွက်ရုံး ရုံးအသစ်ဆောက်လုပ်မှု ပြီးစီးလုနီးပါး ဖြစ်နေပြီး စစ်အုပ်စုက အခုလို အထိုင်ချ တပ်စွဲဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းနှင့် သံအနောက်ရပ်ကွက်တွေအတွင်း လက်နက်အားကိုးနဲ့ နေအိမ်တွေကို စီးနင်းဝင်မွှေ သောင်းကျန်းတာ၊ လုယက်တာ၊ ငွေညှစ်တာ၊ လက်နက်ပြ ဆက်ကြေးတောင်းတာတွေ လုပ်ဆောင်ခဲ့သလို ညအချိန် လမ်းသွားလမ်းလာတွေကို ပစ်ခတ်သတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

စစ်အုပ်စုဟာ သူတို့ တပ်စွဲတဲ့ ရုံးတွေအနီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ ညအချိန် မူးရူးသောက်စားပြီး ရမ်းကား ပစ်ခတ်တာတွေ လုပ်ဆောင်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း စိန်ပန်းနှင့် သံအနောက်ရပ်ကွက်တွေ အပါအဝင် မန္တလေးမြို့က စစ်ကောင်စီ သစ္စာခံ အုပ်ချုပ်ရေးမှူးတွေ၊ ပျူတွေကို စစ်အုပ်စုက လက်နက်ထုတ်ပေးခဲ့ပြီးနောက် လက်ရှိမှတော့ စစ်အုပ်စုနှင့် ပျူတွေ မန္တလေးမြို့ပေါ် ပိုမိုကြီးစိုး သောင်းကျန်းလာနေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သံလျက်မော်အနောက်ရပ်ကွက် #ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး #စစ်အုပ်စုတပ်စွဲ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ