ယင်းမာပင် ရွှေလှံရွာကို စစ်အုပ်စု ဒီမနက် စီးနင်းသတ်ဖြတ်ရာ အနည်းဆုံး ငါးဦး ကျဆုံးနိုင်၊ ဇီးဖြူကုန်းရွာအနီးမှာ PDF နှစ်ဦးကို ခေါင်းဖြတ်သတ်၊ ရင်ပေါင်တိုင်မှာ (၁၆)ယောက်ကို သတ်ပြီး (၁၇)ယောက် အရှင်မိထားတယ်လို့ စစ်လော်ဘီတွေ သတင်းဖြန့်၊

ယင်းမာပင် ရွှေလှံရွာကို စစ်အုပ်စု ဒီမနက် စီးနင်းသတ်ဖြတ်ရာ အနည်းဆုံး ငါးဦး ကျဆုံးနိုင်၊ ဇီးဖြူကုန်းရွာအနီးမှာ PDF နှစ်ဦးကို ခေါင်းဖြတ်သတ်၊ ရင်ပေါင်တိုင်မှာ (၁၆)ယောက်ကို သတ်ပြီး (၁၇)ယောက် အရှင်မိထားတယ်လို့ စစ်လော်ဘီတွေ သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၂၁

စစ်ကိုင်းတိုင်း ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာကို စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ စီးနင်းပစ်ခတ်ပြီး ဒီမနက်ပိုင်း ရွှေလှံရွာကို ဆက်လက် စီးနင်းပစ်ခတ် သတ်ဖြတ်ရာမှာ PDF ရဲဘော်နှင့် ဒေသခံပြည်သူ အများအပြား ကျဆုံးနိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၁)ရက် မနက်(၅)နာရီကျော်မှာ စစ်အုပ်စုက ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာက တဆင့် ရွှေလှံရွာထဲ စီးနင်းသတ်ဖြတ်တာ ဖြစ်ပြီး လွတ်မြောက်လာသူတွေ ရှိသလို ပိတ်မိသူတွေလည်း ရှိကာ အနည်းဆုံး ငါးဦး ကျဆုံးနိုင်တယ်လို့ ယင်းမာပင်နယ် Young Rangers Force - YRF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖီးနစ်က MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ရွှေလှံရွာထဲက PDF တပ်ဖွဲ့ဝင်တွေ ညအိပ်တည်းခိုလေ့ရှိတဲ့ နေအိမ် အပါအဝင် တစ်ရွာလုံးကို စီးနင်းပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်အုပ်စုက ကျေးရွာထဲ ဆက်လက် စီးနင်းသောင်းကျန်းနေဆဲမို့ အကျအဆုံး အခြေအနေ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

"အိပ်နေတဲ့အချိန်မှာ ရုပ်တရက်လာပြီးတော့ မပြေးနဲ့ ဆိုပြီးတစ်ခါတည်း ပစ်တော့တာလေ။ (၁၅) ယောက်၊ အယောက် (၂၀)လောက် ရှိတော့ လွတ်တဲ့သူကလည်း လွတ်လာတာဆိုတော့ အနည်းဆုံး ငါးယောက်လောက်ကတော့ ဘယ်လိုနေနေ ကျမှာပေါ့လေ"လို့ YRF ပြန်ကြားရေးတာဝန်ခံ ကိုဖီးနစ်က ပြောပါတယ်။

ဒါ့အပြင် မနေ့က အောက်တိုဘာ(၂၀)ရက်မှာ ရင်ပေါင်တိုင်ရွာကနေ ပုထိုးသာရွာဘက် အထွက်မှာ မိုင်းဆွဲခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာကနေ စစ်အုပ်စုက ယင်းမာပင် ဗိုသူရိန် တပ်ဖွဲ့က ခေါင်းဆောင် ဗိုလ်စက္ကနှင့် ရဲဘော်တစ်ဦးကို ဖမ်းမိသွားခဲ့ပြီး နှစ်ဦးလုံးကို ခေါင်းဖြတ် သတ်ခဲ့ပါတယ်။

မိုင်းဆွဲပြီး တိုက်ပွဲဖြစ်ရာမှာ တခြားရဲဘော်တွေ လွတ်မြောက်ဖို့ ကာပစ်ပေးရင်း ဖမ်းဆီးခံရပြီး ကျဆုံးတာလို့ ဗိုလ်သူရိန် ယင်းမာပင် PDF က ဖော်ပြပါတယ်။

"ထိုဖြစ်စဉ်တွင် ခေါင်းဆောင် ဗိုလ်စက္က နှင့် ရဲဘော်များ ခွေးများဖြင့် ထိပ်တိုက်တွေ့ပြီး လက်အောက်ငယ်သားများ လွတ်မြောက်ရေးအတွက် ကာပစ် ပေးခဲ့ရာ ခေါင်းဆောင် ဗိုလ်စက္ကနှင့် တပည့်တစ်ဦး တော်လှန်ရေးအမည် 760 တို့ကို ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ခေါင်းဆောင် ဗိုလ်စက္က နှင် တပည့်ဖြစ်သူတို့ နှစ်ဦးလုံးကို ခေါင်းဖြတ်၊ ဗိုက်ကိုခွဲ၊ အူများအပြင်ထွက်။ တပည့် ရဲဘော် အလောင်းနှင့် ခေါင်းဆောင် အလောင်းကို ထပ်ထားခဲ့သည်။ အလောင်းကို ခက်ခဲစွာ ပြန်ကောက်ခဲ့သည်။ ထိုသို့ ပြည်သူနှင့် သူ၏ ရဲဘော်များအတွက် တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်ခဲ့သောဗိုလ်စက္က နှင့် ရဲဘော် 760 အား ကျွန်တော်တို့ ဗိုလ်သူရိန်တပ်ရင်း အဖွဲ့သားအားလုံး က လေးလေးနက်နက် အလေးပြုပါတယ်" လို့ ဗိုလ်သူရိန် ယင်းမာပင် PDF က ဖော်ပြပါတယ်။

အောက်တိုဘာ(၁၉)ရက်က စတင်ပြီး ယင်းမာပင်နှင့် ပုလဲမြို့နယ် နယ်အစပ်က ရင်ပေါင်တိုင်၊ ပျားအိုနဲ့ ပုထိုးသား ရွြတွေထဲ ရဟတ်ယာဉ် ခြောက်စီးနဲ့ စီးနင်းပစ်ခတ် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ အဲ့ဒီ ကျေးရွာ သုံးရွာက ဒေသခံပြည်သူ အများအပြားကိုလည်း ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးထားပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၁၉)ရက်က ပျားအိုရွာကို ပစ်ခတ်စီးနင်းချိန်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အဘွားအိုတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ရင်ပေါင်တိုင်ရွာထဲ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူတွေထဲက အနည်းဆုံး (၁၆)ဦးကို သတ်ပြီးပြီလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပေမယ့် ရင်ပေါင်တိုင်ရွာအတွင်း ဒေသခံ ဘယ်နှဦး ဖမ်းဆီးခံရပြီး ဘယ်နှဦး အသတ်ခံထားရတယ်ဆိုတာကို အတိအကျမသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်လော်ဘီတွေကတော့ ရင်ပေါင်တိုင်ရွာ စာသင်ကျောင်း ပုန်းခိုနေတဲ့ PDF (၁၇)ယောက်ကို အရှင်ဖမ်းမိပြီး (၁၆)ယောက်ကို အသေမိတယ်လို့ သတင်းဖြန့်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း စစ်အုပ်စုက ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်တွေနဲ့ စီးနင်းပစ်ခတ်ခဲ့ပြီး ဒေသခံအရပ်သားနဲ့ PDF တပ်ဖွဲ့ဝင် (၂၀)ဝန်းကျင်ကို သတ်ဖြတ်ခဲ့ပါသေးတယ်။

အောက်တိုဘာ(၁၉)ရက်မှာ ပျားအိုရွာက ကိုယ်ဝန်ဆောင်မိခင်နှင့် အဖွားအိုတစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်ခဲ့စဉ်နှင့် ရင်ပေါင်တိုင်ရွာ စာသင်ကျောင်းမှာ PDF (၁၆)ဦးကို သတ်ပြီး (၁၇)ဦး အရှင်မိထားတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်တဲ့ပုံ/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ရင်ပေါင်တိုင် #ပျားအို #ရွှေလှေ #PDF #ပြည်သူ #ကိုယ်ဝန်ဆောင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ