မြင်းခြံထောင်က နိုင်/ကျဉ်းတွေ ဖိနှိပ်ခံနေရပြီး အသက်(၆၀)ကျော် အမျိုးသမီးတွေပါ အလုပ်ခိုင်းစေခံရ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် အပါအဝင် မုံရွာ၊ မန္တလေးနှင့် ရန်ကုန်က နိုင်/ကျဉ်းတွေကို စစ်အုပ်စုက မြင်းခြံထောင် ပို့ထား၊

မြင်းခြံထောင်က နိုင်/ကျဉ်းတွေ ဖိနှိပ်ခံနေရပြီး အသက်(၆၀)ကျော် အမျိုးသမီးတွေပါ အလုပ်ခိုင်းစေခံရ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် အပါအဝင် မုံရွာ၊ မန္တလေးနှင့် ရန်ကုန်က နိုင်/ကျဉ်းတွေကို စစ်အုပ်စုက မြင်းခြံထောင် ပို့ထား၊

MFP ၊ စက်တင်ဘာ - ၂၁

အာဏာသိမ်း စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း ခံရပြီး မန္တလေးတိုင်း မြင်းခြံမြို့ အကျဉ်းထောင်ထဲ ရောက်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်းတွေက အငြိုးထား ဖိနှိပ်နေတယ်လို့ နီးစပ်သူ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မုံရွာထောင်မှာ ထောင်ချခံထားရတဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် ရန်ကုန်၊ မန္တလေးနဲ့ မုံရွာ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို စစ်အုပ်စုက ပြီးခဲ့တဲ့ လပိုင်းအတွင်း မြင်းခြံထောင်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ထင်တိုင်းကျဲ ဖိနှိပ်ညှဉ်းပန်းနေတာလို့ နီးစပ်ရာ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

မြင်းခြံထောင်ထဲ ရောက်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ကျန်းမာရေး မကောင်းသူတွေ ဆေးကုသခွင့်ရဖို့ ခက်ခဲနေသလို စစ်အုပ်စုက အသက်(၆၀)ကျော်အရွယ် အမျိုးသမီး နိုင်/ကျဉ်းတွေကိုပါ အတင်းအကျပ် အလုပ်စေခိုင်းတာတွေ ရှိနေတယ်လို့ မြင်းခြံဒေသ နွေဦးတော်လှန်ရေးနှင့် သက်ဆိုင်တဲ့ မြေပြင် သတင်းအချက်အလက်တွေ ဖော်ပြနေတဲ့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဆိုပါတယ်။

စစ်ကောင်စီ သစ္စာခံ မြင်းခြံထောင်ပိုင် မမြင့်မြင့်ဇော် ဆိုတဲ့ အမျိုးသမီးက လက်ကိုင်တုတ် အကျဉ်းသားတွေ မွေးပြီး နိုင်/ကျဉ်းတွေကို ဖိနှိပ်ညှဉ်းပန်းနေတာလို့ ဆိုပါတယ်။

“ထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများကို အဓိက စေခိုင်းသူမှာ ထောင်မှူး မမြင့်မြင့်ဇော် ဖြစ်တယ်လို့ သိရပြီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက် မခံရအောင် ငွေကြေး တတ်နိုင်သူများမှ မမြင့်မြင့်ဇော်ဆီ တစ်လ (၂၅,၀၀၀) ကျပ် ပေးရတယ်လို့ သိရှိရပါတယ် “ လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

အလားတူ မုံရွာထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်/ကျဉ်းတွေလည်း သတိလစ် မေ့မြောတဲ့အထိ နေ့စဉ် ညှဉ်းပန်း နှိပ်စက်ခံနေရတယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက စက်တင်ဘာ (၂၀) ရက်မှာ ထုတ်ပြန်ပါတယ်။

“မြင်းခြံထောင်သို့ စတင်ပြောင်းရွှေ့ခံရသည့်နေ့တွင်လည်း ထောင်ဝါဒါများက မုံရွာပြောင်း နိုင်ငံရေးအကျဉ်း သားများအား တန်းစီ ရိုက်နှက်ကာ ခေါင်းငုံ့ခိုင်းခြင်း၊ နံရိုးနှင့် မျက်နှာများကို ပိတ်ရိုက် ကန်ကျောက်ခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများ အပြင် ထောင်ပုံစံ ထိုင်ခိုင်းကာ စစ်တပ် ကောင်းကြောင်း၊ တော်လှန်ရေးကို ဆဲဆိုပုံဖျက်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ပြုလုပ်ခဲ့ပါသည် “ လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ဖော်ပြပါတယ်။

မြင်းခြံထောင်တွင်း ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရမှုတွေကြောင့် မုံရွာ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ (ဟောင်း) ကိုဇင်မင်းထက်ဟာ သတိလစ် မေ့မြောနေတယ်လို့ သိရပြီး မူလက ကျန်းမာရေး ကောင်းမွန်တဲ့ ကိုဇင်မင်းထက်ရဲ့ ကျန်းမာရေးအခြေအနေ အရပ်ရပ်ဟာ အကြမ်းဖက် စစ်အုပ်စု လက်အောက်ခံ အကျဉ်းဦးစီးဌာနမှာ အပြည့်အဝ တာဝန်ရှိတယ်လို့လည်း မုံရွာ သပိတ်ကော်မတီက ဆိုပါတယ်။

မြင်းခြံထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်ညှင်းပန်းရာမှာ ထောင်အာဏာပိုင်တွေက အမိန့်ပေး စေခိုင်းသလို မြင်းခြံ ထောင်ပိုင်လေး ဝင်းကြိုင်(သုံးပွင့်)၊ ထောင်မှူး မြတ်ကျော်သူ (နှစ်ပွင့်)၊ မောင်မောင်သိန်း (နှစ်ပွင့်) တို့က ညှဉ်းပန်းနေတာ ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ပါဝင် ပတ်သက်နေတဲ့ ထောင်တာဝန်ရှိသူတွေကို ကန့်ကွက်ရှုတ်ချကာ အပြစ်ပေး အရေးယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်မယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကိုဗစ်ရောဂါ အကြောင်းပြပြီး ထောင်ဝင်စာပို့ခွင့် ပိတ်ပင်ထားချိန် လူချင်းတွေ့ဖို့ ခက်ခဲတာ၊ ထောင်ဝင်စာပို့ဖို့ ခက်ခဲတာတွေကြောင့် ဖိနှိပ်သမျှ ခံနေရပြီး ထောင်ဝင်စာ ပုံမှန် မရတာကြောင့်လည်း နေရထိုင်ရတာ အဆင်မပြေဘူးလို့ ကြားသိရကြောင်း မန္တလေး အိုးဘိုထောင်ကနေ မြင်းခြံထောင်ကို ရွှေ့ပြောင်းခံရတဲ့အထဲ ပါဝင်ခဲ့တဲ့ နိုင်/ကျဉ်းတစ်ဦးနဲ့ နီးစပ်သူကလည်း ပြောပါတယ်။

နိုင်ငံရေး သမားတွေ အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ စစ်အုပ်စုက ဖမ်းဆီးကာ ရာဇဝတ် ပြစ်မှုပုဒ်မတွေနဲ့ တရားစွဲ ထောင်ချပြီး ညှဉ်းပန်းတာ၊ အလုပ်စေခိုင်းတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံထောင် #နိုင်ငံရေးအကျဉ်းသား #ညှဉ်းပန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ