မန္တလေးအိုးဘိုထောင်ဝန်းကျင်က အိမ်တွေကို စစ်အုပ်စုက တစ်နာရီအတွင်း ဖျက်ခိုင်းနေ၊ ထောင်ပတ်လည်က လမ်းတွေကို ပိတ်ဆို့ထားပြီး စစ်အုပ်စု သောင်းကျန်း၊

မန္တလေးအိုးဘိုထောင်ဝန်းကျင်က အိမ်တွေကို စစ်အုပ်စုက တစ်နာရီအတွင်း ဖျက်ခိုင်းနေ၊ ထောင်ပတ်လည်က လမ်းတွေကို ပိတ်ဆို့ထားပြီး စစ်အုပ်စု သောင်းကျန်း၊

MFP ၊ အောက်တိုဘာ - ၂၁

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေအနီး၊ အိုးဘိုအကျဉ်းထောင်ဝန်းကျင်က အိမ်တွေကို လမ်းနဲ့ မလွတ်ကင်းတဲ့အတွက် တစ်နာရီအတွင်း ဖျက်ပေးဖို့ စစ်အုပ်စုက အကြပ်ကိုင်ခြိမ်းခြောက် လာဖျက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၁)ရက် မနက်ပိုင်းက စတင်ပြီး စစ်အုပ်စုက အိုးဘိုထောင် အနီးဝန်းကျင်က အဝင်အထွက်လမ်းတွေ ပိတ်ထားပြီး အရပ်ဝတ်လက်နက်ကိုင်တွေနဲ့ စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အိုးဘိုထောင် ဝန်းကျင်က အိမ်တွေကို လမ်းပေါ် ကျူးကျော် ဆောက်လုပ်ထားတယ်လို့ ဆိုပြီး တစ်နာရီအတွင်း ဖျက်သိမ်းခိုင်းနေတာကြောင့် ဒေသခံတွေနဲ့ အခြေအတင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ မနက်အစောကြီး လာတိုင်းတယ်၊ လမ်းနဲ့မလွတ်လို့ ဖယ်ရမယ်ဆိုပြီးတော့ ပြောတယ်၊ သံလမ်းနဲ့ ပေ(၃၀)ကနေ အခု ပေ(၅၀)အထိ ဖျက်ပေးရမယ်တဲ့၊ တစ်နာရီအတွင်း အပြီးဖျက်ဆိုပြီး ပြောနေတယ် “ လို့ အိုးဘိုထောင်အနီးရှိ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ကောက်ကာငင်ကာ အိုးဘိုထောင်ဝန်းကျင်က နေအိမ်တွေကို ဖျက်ခိုင်းတာဟာ နေအိမ်တွေမှာ တပ်ထားတဲ့ CCTV တွေက ထောင်အတွင်းကို လှမ်းမြင်နိုင်တဲ့အတွက် လုပ်ဆောင်တာလို့လည်း မြို့ခံအချို့က ဆိုပါတယ်။

"ယမန်နေ့ (အောက်တိုဘာ၂၀ရက်) မနက်အစောပိုင်းတွင် အိုးဘိုအကျဉ်းဦးစီး အနီးနားရှိ အိမ်များအား CCTV တပ်လျှင် ထောင်အတွင်း မြင်ရမည်ဆိုသည့် အကြောင်းပြချက်ဖြင့် အိမ်ဖျက်ရန် အိမ်များအား ပေ လာတိုင်းသွားပြီး မူလဖယ်ပေးရမည့် ပေမှာ (၃၀)ပေဖြစ်ပြီး အုပ်ကြီးအိမ်နှင့် မလွတ်၍ (၂၈)ပေသာဆုတ်ပေးရပြီး အုပ်ကြီးတွင် ဂမ်းနှင့် ကျဉ်စက်ပါရှိကြောင်း သိရ။ အိမ်ဖျက်ခံရသည့်အထဲတွင် မြစ်ကြီးနားတွင်တာဝန်ကျသူ ဗိုလ်ကြီး သိန်းထိုက်အောင် ၏ ညီအိမ် ပါသွားကြောင်းသိရ" လို့ မန္တလေး မြေပြင်ကင်းထောက်အဖွဲ့ Vomdy က ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက မန္တလေးမြို့အနှံ့ ရထားသံလမ်းဝန်းကျင်က နေအိမ်တွေကို ကျူးကျော်ဆိုပြီး မကြာခဏ ဖယ်ရှားရှင်းလင်းလေ့ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မန္တလေးမြို့ အောင်မြေသာစံ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း သံလမ်းကျူး၊ လမ်းဘေးကျူးစတဲ့ ကျူးကျော်တွေကို စစ်ကောင်စီ သစ္စာခံ မန္တလေးစည်ပင်က ဦးဆောင်ကာ ဖျက်ဆီး ရှင်းလင်းနေတာဖြစ်ပြီး ဂရန်အမည်ပေါက် အိမ်ကြီးအိမ်ကောင်းတွေကိုပါ ဘူဒိုဇာနဲ့ ဖယ်ရှားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကျူးကျော်ရှင်းလင်းမှုမှာ ရပ်ကွက်လူမိုက်တွေကိုပါ ခေါ်ပြီး တုတ်၊ ဓားတွေကိုင်ဆောင်ကာ အင်အားသုံး ရှင်းလင်းတာတွေ လုပ်ဆောင်တယ်လို့လည်း ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုအကျဉ်းထောင် #ရထားသံလမ်းကျူး #နေအိမ်တွေဖျက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ