မန္တလေးမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး သောင်းကျန်းနေတဲ့ မဲကြီး ခေါ် ငမျိုး ဆိုသူ ရှင်းလင်းခံရ၊ ပြည်သူတစ်ဦး သေနတ်မှန်လို့ ပစ်ခတ်တဲ့အဖွဲ့က ရှိခိုးတောင်းပန်သွား၊

မန္တလေးမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး သောင်းကျန်းနေတဲ့ မဲကြီး ခေါ် ငမျိုး ဆိုသူ ရှင်းလင်းခံရ၊ ပြည်သူတစ်ဦး သေနတ်မှန်လို့ ပစ်ခတ်တဲ့အဖွဲ့က ရှိခိုးတောင်းပန်သွား၊

MFP ၊ စက်တင်ဘာ - ၂၈

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်း စစ်အုပ်စုနှင့် ပေါင်းကာ ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ စကစ သတင်းပေး မဲကြီး ခေါ် ငမျိုး ဆိုသူ ဒီမနက်ပိုင်း ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းဘက် ကမ်းနားလမ်းမှာ ပစ်ခတ်ရှင်းလင်း ခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ငမျိုး ဆိုသူဟာ ကမ်းနားလမ်းမှာ တခြားသူတစ်ဦးနဲ့ ရပ်ပြီး စကားပြောနေချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပြီး ဧရာဝတီမြစ်ထဲကို ခုန်ချထွက်ပြေးသွားပေမယ့် ဒဏ်ရာတွေကြောင့် သေဆုံးကာ နေ့လယ် (၁၁) နာရီမှာ အလောင်းရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီမနက် (၇) နာရီခွဲလောက်မှာ မဲကြီးနဲ့ တင်ထွန်းအောင်နဲ့က ကမ်းနားလမ်းဘေးမှာ စကားပြောနေကြချိန် အပစ်ခံရတာ၊ ကြောက်အားလန့်အားနဲ့ မြစ်ထဲကို ခုန်ဆင်းသွားတာ တော်တော်နဲ့ ပေါ်မလာဘူး၊ အလောင်းရှာတွေ့တော့ ရင်ဘတ်နဲ့ လက်မောင်းတွေမှာ သေနတ်ဒဏ်ရာ ခြောက်ချက်တွေ့ရတယ်တဲ့၊ သူက ကမ်းနားလမ်းဘက်မှာ သတင်းပေးဒလန်ဆိုပြီး နာမည်ကြီးနေတဲ့သူပဲ “ လို့ မြို့ခံတစ်ဦးက ရှင်းပြပါတယ်။

ပစ်ခတ်မှုဖြစ်ပွါးစဉ် မဲကြီးနဲ့ စကားပြောဆိုခဲ့သူရဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့အတွက် ပစ်ခတ်သူတွေက ရှိခိုးကန်တော့ကာ တောင်းပန်သွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အောင်မြေသာစံမြို့နယ်အတွင်း စစ်အုပ်စုနဲ့ ပေါင်းကာ ပြည်သူကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ ငမျိုး ဆိုသူကို နှုတ်ခမ်းနီ (၁၂)တောင့် ကျွေးပြီး ရှင်းလင်းခဲ့ကြောင်းနှင့် အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရသွားတဲ့အပေါ် တောင်းပန်ပါကြောင်း Generation Z Power – GZP Mandalay ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်အုပ်စုသတင်းပေး #မရမ်းခြံဆိပ်ကမ်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ