မန္တလေးက စီးပွါးရေး သမားတွေနဲ့ မင်းအောင်လှိုင် ဒီနေ့ တွေ့မယ်၊ တစ်မြို့လုံး လုံခြုံရေး ဆက်လက်တင်းကျပ်ထား

မန္တလေးက စီးပွါးရေး သမားတွေနဲ့ မင်းအောင်လှိုင် ဒီနေ့ တွေ့မယ်၊ တစ်မြို့လုံး လုံခြုံရေး ဆက်လက်တင်းကျပ်ထား

MFP ၊ စက်တင်ဘာ - ၂၉

မန္တလေးမြို့ကို ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ဟာ မြို့ခံ စီးပွားရေးသမားတချို့နဲ့ ဒီနေ့ တွေ့ဆုံမှာ ဖြစ်ပြီး တစ်မြို့လုံးမှာလည်း လက်နက်ကိုင်တွေ အစောင့်ချထားပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီမနက် မိုးလင်းကတည်းက မန္တလေးမြို့သစ် (၆၂)လမ်းပေါ်က ဘုရင် ဘီစကစ်စက်ရုံကို မင်းအောင်လှိုင် လာမယ်ဆိုတဲ့ သတင်းကြောင့် (၆၂)လမ်းတလျှောက်မှာ အရပ်ဝတ်တွေရော၊ ယူနီဖောင်းဝတ်တေါရော စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ၆၂ လမ်းနဲ့ ၁၂၆ လမ်းထောင့်က ဘုရင်ဘီစကွတ်စက်ရုံမှာ ရောက်နေပြီလို့လည်း ကြားရတယ်၊ အဲဒီ စက်ရုံဝန်းကျင်မှာ စခ ရခတွေ အများကြီးပဲ၊ နောက်ပြီး စက်မှုတစ်ကြောလုံးမှာလည်း ကင်းပုန်းတွေ ဝပ်နေတာ ရာဂဏန်း ရှိမယ် “ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုနှင့် စည်ပင်ဟာ မင်းအောင်လှိုင် မလာခင် မနေ့ကတည်းက မန္တလေး (၆၂) လမ်းပေါ်က လမ်းဘေးဈေးဆိုင်တွေ၊ ကွမ်းယာဆိုင်တွေကို ရန်ပြုဖျက်ဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ မန္တလေးမြို့၊ (၇၈)လမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် လမ်းထောင့်က ရတနာပုံ (အောင်ပြည့်စုံ) ခန်းမမှာ စီးပွားရေး သမာေးတွနဲ့ တွေ့ဆုံမယ်လို့ သတင်းတွေ ထွက်နေပြီး လက်ရှိမှာတော့ အဲ့ဒီ ခန်းမဝန်းကျင်မှာ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ လက်နက်ကိုင်တွေ လမ်းဘေး ရပ်စောင့်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ တွေ့ဆုံမယ့်အထဲ ရွှေလုပ်ငန်းရှင်အသင်း၊ MRCCI အသင်းတွေ ပါဝင်တယ်လို့ သတင်းထွက်နေပြီး မန္တလေး ရွှေလုပ်ငန်းရှင် အသင်းနဲ့ MRCCI အသင်းတွေဟာ လက်ရှိ မန္တလေး စစ်ကောင်စီ ဥက္ကဌ မောင်ကိုရဲ့ လက်ဝေခံတွေ စုဝေးနေတဲ့ အသင်းအဖွဲ့တွေ ဖြစ်သလို လွန်ခဲ့တဲ့ လတွေအတွင်း မန္တလေး ရွှေလုပ်ငန်းရှင်အသင်းက စစ်အုပ်စုကို အခမ်းအနားနဲ့ ငွေလှူတာတွေ ရှိခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

မန္တလေး ရတနာပုံ (အောင်ပြည့်စုံ) ခန်းမ ဖွင့်ပွဲလုပ်စဉ်က တီးမှုတ်ပေးတဲ့ မြို့မအသင်းကို မင်းအောင်လှိုင်က ဆုချနေစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်အုပ်စု #ကင်းပုန်းချထား #MAL 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ