မန္တလေး - မိုးကုတ်လမ်း၊ စဉ့်ကူးမှာ စစ်ကားတန်းကို နှစ်ရက်ဆက် မိုင်းဆွဲရာ စကစ လေးယောက် သေဟုဆို၊ စစ်အုပ်စုက ခရီးသွားပြည်သူတွေကို ရိုက်နှက်ဖမ်းဆီး၊

မန္တလေး - မိုးကုတ်လမ်း၊ စဉ့်ကူးမှာ စစ်ကားတန်းကို နှစ်ရက်ဆက် မိုင်းဆွဲရာ စကစ လေးယောက် သေဟုဆို၊ စစ်အုပ်စုက ခရီးသွားပြည်သူတွေကို ရိုက်နှက်ဖမ်းဆီး၊

MFP ၊ အောက်တိုဘာ - ၃၁

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာအနီး၊ မန္တလေး - မိုးကုတ်ကားလမ်းပေါ်မှာ အောက်တိုဘာ(၂၉)နှင့် (၃၀)ရက်တွေက စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ် ကားတန်းကို နှစ်ရက်ဆက် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ စဉ့်ကူး ပြောက်ကျား တပ်ပေါင်းစုက သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၉)ရက် ညနေပိုင်းနှင့် အောက်တိုဘာ(၃၀)ရက် မနက်ပိုင်းတွေမှာ စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်သယ် ကားတန်းကို စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အောက်တိုဘာ(၂၉)ရက် ည(၆)နာရီခွဲအချိန် မတ္တရာဘက်မှ စဉ့်ကူးဘက်သို့ စခ ဖောကားနှစ်စီးနှင့် ဖိုးဝှီး(လ်)ကားနှစ်စီး မောင်းနှင်လာခဲ့ရာ ရွှေပြည်ရွာအနီး ပတ်လည်အင်းရွာနှင့် ဘိုးတော်တောင်ရွာကြားတွင် ပထမဦးဆုံး ဖောကားတစ်စီးကို ကျွန်ုပ်တို့ စဉ့်ကူး (ပ.က.ဖ) အဖွဲ့မှ ပဒေသာမိုင်း လေးလုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၎င်းဖောကားမှာ နေရာတွင်ပင် မိုင်းထိမှန် ပျက်ကျန်ခဲ့၍ ကျန်ကားများမှာ နောက်ကြောင်း ပြန်လှည့်သွားခဲ့ကြပါသည်။ ဖြစ်စဉ်သည်‌ မှောင်စပြုချိန် ဖြစ်၍ ရန်သူ့ ဘက်မှ ထိခိုက်သေဆုံး မသိရ‌သေးဘဲ ကျွန်ုပ်တို့ဘက်မှာ ဘေးရန်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။ စခများက ပျက်ကျန်ခဲ့သော ဖောကားအား အောက်တိုဘာ(၃၀)ရက်တွင် လာရောက် ဆွဲယူသွားခဲ့ပါသည်" လို့ စဉ့်ကူး ပြောက်ကျား တပ်ပေါင်းစုက ဖော်ပြပါတယ်။

အောက်တိုဘာ(၃၀)ရက် နေ့လည်(၁၂)နာရီမှာလည်း မတ္တရာကနေ စဉ့်ကူးဘက် စစ်ကားခြောက်စီး မောင်းနှင်လာချိန် တရော်ပင်ရွာနှင့် ရွှေပြည်ရွာကြားမှာ ကားတန်းရဲ့ ဒုတိယမြောက်ကားကို ပဒေသာမိုင်း ရှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေပြီး စစ်အုပ်စုက ထင်တိုင်းကျဲ သောင်းကျန်းရမ်းကားကာ ခရီးသွားပြည်သူတွေကို ရိုက်နှက်ရန်ပြု ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"စခများက ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးရှိ ပြည်သူ ရှစ်ဦးအား ဖမ်းဆီးရိုက်နှက်ကာ မတ္တရာ ရဲစခန်းသို့ ခေါ်ဆောင်သွား‌ကြောင်း သိရသည်။ ထို့နောက် ကျန်ကားများမှာ လက်ပန်လှဘက်သို့ ဆက်လက် ထွက်ခွာသွားကြပါသည်။ ကျွန်ုပ်တို့ စဉ်ကူး(ပ.က.ဖ)အဖွဲ့သားများ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စခများဘက်မှ နေရာတွင်ပင် လေးကောင် ငရဲရောက်၍ အများအပြား ဒဏ်ရာရကာ မတ္တရာ ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သိရပါသည်" လို့ စဉ့်ကူး ပြောက်ကျား တပ်ပေါင်းစုက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မတ္တရာနှင့် စဉ့်ကူးနယ်တွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖမ်းဆီးငွေညှစ် သောင်းကျန်းနေပြီး ခိုးရာပါ ပစ္စည်းတွေကို မန္တလေး နန်းတွင်းထဲ သယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ မတ္တရာနှင့် စဉ့်ကူးနယ်က ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ