မန္တလေးမှာ ဒီမနက် ဖြစ်ပွားတဲ့ ဓားပြတိုက် လူသတ်မှုကို တစ်ရပ်ကွက်တည်း နေသူက ကျူးလွန်ပြီး တရားခံ ဖမ်းမိဟုဆို၊

မန္တလေးမှာ ဒီမနက် ဖြစ်ပွားတဲ့ ဓားပြတိုက် လူသတ်မှုကို တစ်ရပ်ကွက်တည်း နေသူက ကျူးလွန်ပြီး တရားခံ ဖမ်းမိဟုဆို၊

MFP ၊ အောက်တိုဘာ - ၆

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ (၁၁၈) လမ်းနှင့် (၇၂)လမ်းအနီးက နေအိမ်နှင့် ဆေးဆိုင် တွဲဖွင့်ထားတဲ့အိမ် ဒီမနက်အစောပိုင်း ဓားပြတိုက် လုယက်ခံရပြီး အိမ်ရှင်အမျိုးသမီး နှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နှင့် ပတ်သက်လို့ ကျူးလွန်သူဟာ တစ်ရပ်ကွက်တည်း နေသူ ဖြစ်ပြီး တရားခံ ဖမ်းမိပြီလို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

ဒိနေ့ အောက်တိုဘာ (၆)ရက် မနက်(၅)နာရီဝန်းကျင်က နေအိမ်နဲ့ ဆေးဆိုင် တွဲဖွင့်ထားတဲ့အိမ်ကို တစ်ရပ်ကွက်တည်း နေသူက ဆေးဝယ်ချင်လို့ဆိုပြီး တံခါးဖွင်ကာ ဓားပြတိုက် လုယက် လူသတ်တာလို့ ဆိုပါတယ်။

“ပြည်ကြီးတံခွန်မြို့နယ် အိမ်အမှတ် -- (၇၂)လမ်းပေါ်၊ (၁၁၇)လမ်းနှင့် (၁၁၈)လမ်းကြားက အမျိုးသမီး နှစ်ဦးနေအိမ်အတွင်း ယနေ့နံနက် အသတ်ခံခဲ့ရပါတယ်။ အသတ်ခံရသူတွေဟာ ဆေးပစ္စည်းဆိုင် ဖွင့်ထားသူများ ဖြစ်ကြပြီး ကျန်းမာရေး ဝန်ထမ်း အမျိုးသမီးတစ်ဦးနဲ့ သူ့အဒေါ် တော်စပ်သူတို့ ဖြစ်ကြပါတယ်။ မနက်အစောပိုင်းမှာ ဆေးဝယ်ချင်ယောင်ဆောင်ပြီး နေအိမ်ထဲ ဝင်ရောက်ကာ လူသတ် ဓားပြတိုက်သွားတာပါ။ တရားခံများအား အပူတပြင်း ရှာဖွေ ဖော်ထုတ်ခဲ့ရာ ရပ်ကွက်ထဲ အတူနေထိုင်သူများ ဖြစ်ကြပြီး နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်” လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

အသေးစိတ် အချက်အလက်တွေ မဖော်ပြထားပေမယ့် အိမ်ရှင် အသက်ကြီးပိုင်းနဲ့ အသက်လတ်ပိုင်း အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကျူးလွန်သူ တစ်ဦး ဖမ်းမိထားတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက လူသတ်၊ ဓားပြ၊ မုဒိန်းစတဲ့ ရာဇဝတ် အကျဉ်းသားတွေ အားလုံးကို ထောင်က လွှတ်ပေးထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဓားပြမှု #ပြည်ကြီးတံခွန် #ငွေတော်ကျီကုန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ