၀က်လက် ရွာသာကြီးရွာကို စစ်အုပ်စုက လေးရက်ဆက် စီးနင်းထားပြီး လုယက် မီးရှို့ သတ်ဖြတ်နေ၊ ရွာသာကြီးမှာ ပဒက် လေးကင် ရရှိလို့ ဒေသခံ လေးဦးကို သတ်-ဖြတ်ပြီးဖြစ်ကြောင်း စစ်အုပ်စု ထုတ်ပြန်၊

၀က်လက် ရွာသာကြီးရွာကို စစ်အုပ်စုက လေးရက်ဆက် စီးနင်းထားပြီး လုယက် မီးရှို့ သတ်ဖြတ်နေ၊ ရွာသာကြီးမှာ ပဒက် လေးကင် ရရှိလို့ ဒေသခံ လေးဦးကို သတ်-ဖြတ်ပြီးဖြစ်ကြောင်း စစ်အုပ်စု ထုတ်ပြန်၊

MFP ၊ စက်တင်ဘာ - ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မန္တလေး - ရွှေဘို - မုံရွာ လမ်းဆုံက စည်ပင်ဖွံ့ဖြိုးတဲ့ ရွာသာကြီး ကျေးရွာကို စစ်အုပ်စုက စက်တင်ဘာ(၂၅)ရက်က စတင်ကာ ဒီနေ့အထိ လေးရက်ဆက် စီးနင်းထားပြီး ဖမ်းမိထားတဲ့ ရာချီတဲ့ ဒေသခံပြည်သူတွေကို ညှဉ်းပန်းသတ်-ဖြတ်တာ၊ အိမ်မီးရှို့တာ၊ ဖောက်ထွင်းခိုးယူ လုယက်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရွာသာကြီးရွာထဲ စစ်အုပ်စု စတင် စီးနင်းချိန်ကနေ ဒီနေ့အထိ ပြည်သူ တစ်ဦးတစ်ယောက်မျှ ရွာထဲ အဝင်အထွက် မလုပ်ရဘဲ စစ်အုပ်စုက အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေသလို ရွာသားကြီးရွာထဲက အိမ်တွေ စက်တင်ဘာ(၂၅)နှင့် (၂၆)ရက်တွေမှာ နှစ်ရက်ဆက် မီးရှို့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ(၂၅)ရက် မနက်(၅)နာရီကျော်မှာ စစ်အုပ်စုက ဝက်လက်မြို့နယ် လှတောရွာ ဘက်ကနေ ရွာသာကြီးရွာထဲ လက်နက်ကြီးနဲ့ထုကာ ရုတ်တရက် ဝင်ရောက် စီးနင်းတာဖြစ်ပြီး ရွာတောင်ပိုင်းက ပြည်သူတွေ ထွက်ပြေးနိုင်ခဲ့ပေမယ့် ရွာမြောက်ပိုင်းနှင့် အနောက်ပိုင်းက ဒေသခံပြည်သူတွေ လွတ်အောင် မပြေးနိုင်ခဲ့ဘဲ ရာချီတဲ့ ပြည်သူတွေ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

“သူတို့ လက်နက်ကြီးနဲ့ ထုပြီး ရွာထဲ စဝင်ကတည်းက ဒဏ်ရာရသူတွေ ရှိတယ်။ အတိအကျ မသိရသေးပေမယ့် ပြည်သူ ငါးယောက်ကိုတော့ သတ်လိုက်ပြီလို့ ကြားတယ်။ တွင်ခုံလုပ်တဲ့ လင်မယားနှစ်ယောက်လည်း အသတ်ခံရတယ်လို့ ကြားနေတာ။ (၂၅)ရက်နေ့က အိမ်မီးရှို့တယ်။ ပြီးတော့ ရွာထဲက ရွှေ၊ငွေတွေ လိုက်လုတယ်လို့ ကြားတယ်။ နောက် (၂၆)ရက်မှာ အလောင်းတွေကို အိမ်ထဲထည့်ပြီး မီးထပ်ရှို့တယ်တဲ့။ မီးရှို့တာကတော့ သေချာတယ်။ ပုန်းခိုရင်း ထွက်လာနိုင်တဲ့ သူတွေက တဆင့် ဖုန်းသတင်းရတာ။ အတိအကျတော့ မသိရဘူး” လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

ရွာသာကြီးရွာထဲ စစ်အုပ်စု စီးနင်းထားချိန် ခရီးသွားကားတွေလည်း ဖြတ်သန်းသွားလာမှု မရှိသလောက် နည်းပါးပြီး ဖြတ်သန်းတဲ့ ကားတွေကိုလည်း စစ်အုပ်စုက အတင်းအကျပ် စစ်ဆေး သွေညှစ်နေတယ်လို့ ဆိုပါတယ်။

ရွာသာကြီးရွာ စီးနင်းမှုနှင့် ပတ်သက်ပြီး မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ တယ်လီဂရမ် ချန်နယ်က ဒေသခံ လေးဦးကို သတ်-ဖြတ်ပြီး ဖြစ်ကြောင်း “ပဒက်ကင် လေးကင် ရထားတယ်” လို့ သတင်းဖြန့်ပါတယ်။

စက်တင်ဘာ(၂၅)ရက် နေ့လည်(၃)နာရီမှာ ပဒက်ကင်တစ်ကင်၊ စက်တင်ဘာ(၂၆)ရက် မနက်(၄)နာရီမှာ ပဒက်ကင် သုံးကင် ရတယ်လို့ စစ်အုပ်စုက PDF တွေကို ပဒက်ကင်လို့ သုံးနှုန်းပြီး PDF လေးဦးကို သတ်-ဖြတ်ပြီး ဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုလို့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်ဉ်နှင့် ပတ်သက်ပြီးတော့လည်း PDF တွေက လက်နက်ကြီးနဲ့ ထုလို့ ရွာသာကြီးရွာက ဒေသခံ မကေသွယ်ဦး ဆိုသူ ဒဏ်ရာ အပြင်းအထန် ရထားတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ရွာသာကြီးရွာထဲ စစ်အုပ်စုက ဆက်လက် စီးနင်းသောင်းကျန်းနေလို့ ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပြီး စစ်အုပ်စုက ဒီမနက်ပိုင်းမှာလည်း ရွာသာကြီးရွာထဲကနေ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် ရွာသာကြီး ကျေးရွာဟာ မန္တလေး - မုံရွာ - ရွှေဘိုလမ်းဆုံမှာ တည်ရှိုပြီး အိမ်ခြေ (၁၀၀၀)ဝန်းကျင်ရှိကာ ဒေသတွင်း စည်ပင်ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက အိမ်ခြေထောင်ချီပြီး စည်ပင်ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာ၊ တစ်အိမ်တက်ဆင်း ဖောက်ထွင်းခိုးယူတာ၊ မီးရှို့တာနှင့် ဒေသခံတွေကို ဖမ်းဆီးငွေညှစ် ညှဉ်းပန်း သ-တ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စု သောင်းကျန်းနေဆဲမို့ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းတွေ ဖြတ်သန်း သွားလာတာ မလုပ်ကြဖို့ ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးက သတိပေးထားပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ရွာသာကြီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ