မြစ်သားနယ်မှာ စကစ အုပ်ကြီး ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက လူငယ် (၅၀)ကျော်ကို ရိုက်နှက်ဖမ်းဆီး၊

မြစ်သားနယ်မှာ စကစ အုပ်ကြီး ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက လူငယ် (၅၀)ကျော်ကို ရိုက်နှက်ဖမ်းဆီး၊

MFP ၊ သြဂုတ် - ၃

မန္တလေးတိုင်း မြစ်သားမြို့နယ်မှာ စစ်အုပ်စုနှင့် ပေါင်းပြီး ဖမ်းဆီး ငွေညှစ်၊ ဆက်ကြေးတောင်းတွေ လုပ်နေတဲ့ ရွာခိုင်ကြီးရွာ ရာအိမ်မှူး စိန်မင်းဆိုသူ ပစ်ခတ် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အနီးအနား ရွာတွေက လူငယ်(၅၀)ကျော်ကို ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇူလိုင်(၃၁)ရက် နေ့လည်ပိုင်းက မြစ်သားမြို့နယ် ရွာခိုင်ကြီးရွာက စစ်အုပ်စုခန့် ရာအိမ်မှူး၊ ထောင်ဝန်ထမ်းဟောင်း အသက်(၆၀)ကျော်အရွယ် စိန်မင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် စစ်အုပ်စုက ဒေသတွင်း ရန်ပြုသောင်းကျန်းနေပြီး မနေ့ကတော့ မြစ်သားနယ် ဒိုင်းရွာနှင့် နတ်လွှရွာက လူငယ် (၅၀)ကျော်ကို ပိတ်ဆို့ ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“ရွာခိုင်ကြီးကျေးရွာ ရာအိမ်မှူး သေတဲ့ကိစ္စ သံသယရှိတယ်ဆိုပြီး ဒိုင်းရွာနဲ့ နတ်လွှရွာက လူငယ် အယောက်(၅၀)လောက်ကို မနေ့မနက်ပိုင်းက ရိုက်နှက် ဖမ်းဆီးသွားတယ်။ ဖမ်းခံရတဲ့ လူငယ်တွေက တခြားမြို့တွေ သွားပြီး အလုပ်လုပ်ဖို့ စီစဉ်နေကြတာ။ အဲ့တာ မအလတွေက ဝင်ပြီး ရိုက်နှက် ဖမ်းသွားတယ်တဲ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရွာခိုင်ကြီးရွာ တိုက်နယ်ဆေးရုံထဲမှာ အထိုင်ချနေတဲ့ စစ်အုပ်စုက ဒေသခံ လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးတာ ဖြစ်ပြီး အဲ့ဒီ စစ်အုပ်စုဟာ လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက ရာခိုင်ကြီးဆေးရုံထဲမှာ အထိုင်ချနေတာ ဖြစ်ပြီး ရှင်းလင်းခံရတဲ့ စကစ အုပ်ကြီးနဲ့အတူ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာတွေ လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ရွာခိုင်ကြီးရွာ ရာအိမ်မှူး စိန်မင်းဆိုသူဟာ ဒီနေ့ ဇူလိုင်(၃၁)ရက် နေ့လည်ပိုင်းက စစ်အုပ်စု တပ်စွဲထားတဲ့ ဆေးရုံနှင့် ရဲစခန်းအနီးက ရွာခိုင်ကြီးရွာ အုပ်ချုပ်ရေးမှူးရုံးထဲမှာ ရှိနေချိန် သေနတ်နဲ့နှစ်ချက် ပစ်ခတ် ရှင်းလင်း ခံရတာ ဖြစ်ပြီး မည်သူက ပစ်ခတ်တယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ရွာခိုင်ကြီးရွာရဲ့ အရှေ့ဘက်မှာ လက်နက်ခဲယမ်းတွေ အများအပြား သိုလှောင်ထားလေ့ရှိတယ်လို့ နာမည်ကြီးတဲ့ စစ်အုပ်စုရဲ့ ပင်မ လက်နက်ခဲယမ်းမီးကျောက်တပ် (ပခန) ရှိနေပြီး စစ်အုပ်စုကတော့ မြစ်သား အပါအဝင် ကျောက်ဆည်၊ ကူမဲ စတဲ့ နယ်တွေထဲ ကင်းပုန်းတွေဝပ်၊ လှည့်ကင်းတွေ ပတ်ကာ ရွာစဉ်ပတ်မွှေပြီး ဖမ်းဆီး စစ်ဆေး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်သား #ရွာခိုင်ကြီးရွာ #အုပ်ကြီး #လူငယ် #ဖမ်းဆီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ