MFP ၊ စက်တင်ဘာ - ၂၈
မန္တလေးမြို့ကို မင်းအောင်လှိုင် လာမယ်လို့ သတင်းထွက်နေပြီး ဒီမနက်ပိုင်းက စလို့ မန္တလေး ကျုံးပတ်လည်နဲ့ မြို့တွင်းက လမ်းမကြီးတွေမှာ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ ပေါ်တင်ရော၊ ကင်းပုန်းတွေရော အစောင့် ချထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် မလာခင်ကတည်းက လမ်းဘေးရပ်စောင့်နေရတဲ့ စကစတွေကို တနေကုန် ထမင်းစားခွင့် မပေးဘဲ ဒီနေ့ ညနေ(၅)နာရီမှသာ ထမင်းစားခွင့်ပေးတာ တွေ့ရတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
“ မန္တလေးမှာ ဒီလိုမျိုး လမ်းပေါ် မတွေ့ရတာ ကြာပြီ၊ ဒီနေ့တော့ မနက်ကတည်းက လမ်းထောင့်တွေမှာ စခနဲ့ ရခ တွေ ထိုင်စောင့်နေကြတာ၊ ထမင်းလည်း မစားရဘူးထင်တယ်။ မင်းအောင်လှိုင် လာဖို့ရှိတယ်လို့ သတင်းတွေ ကြားရတယ် “ လို့ သူက ပြောပါတယ်။
မင်းအောင်လှိုင် လာမယ်ဆိုတဲ့ သတင်းနဲ့အတူ မန္တလေး စည်ပင်ကလည်း မြို့အနှံ့မှာ ထင်တိုင်းကျဲ ဖျက်ဆီး သောင်းကျန်းနေပြီး ဒီနေ့လည်ပိုင်း (၆၂)လမ်းတလျှောက်က လမ်းဘေး ကွမ်းယာဆိုင်နှင့် ဈေးဆိုင်တွေကို စည်ပင်က ရန်ပြု ဖျက်ဆီးနေတယ်လို့ မန္တလေး မြေပြင် ကင်းထောက်အဖွဲ့ဖြစ်တဲ့ သပြေညို သတင်းလွှာက ဖော်ပြပါတယ်။
ဒီနေ့ ညနေ(၅)နာရီလောက်မှာတော့ မန္တလေးနန်းတွင်းထဲ ရဟတ်ယာဉ် နှစ်စီး ဆင်းသွားတာ တွေ့ရပြီး မင်းအောင်လှိုင် ရောက်နေပြီလို့ သတင်းကြားကြောင်း မြို့ခံတွေက ဆိုပါတယ်။
မင်းအောင်လှိုင်ဟာ မန္တလေးမှာ ရှိနေချိန်အတွင်း ရွှေလုပ်ငန်းရှင်အသင်း၊ MRCCI လို စီးပွားရေးသမားတွေနဲ့ တွေ့မယ်လို့လည်း သတင်ထွက်နေပြီး မန္တလေး ရွှေလုပ်ငန်းရှင် အသင်းနှင့် MRCCI အသင်းတွေဟာ လက်ရှိ မန္တလေး စစ်ကောင်စီ ဥက္ကဌ မောင်ကိုရဲ့ လက်ဝေခံတွေ စုဝေးနေတဲ့ အသင်းအဖွဲ့တွေ ဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ လတွေအတွင်း မန္တလေး ရွှေလုပ်ငန်းရှင်အသင်းက စစ်အုပ်စုကို အခမ်းအနားနဲ့ ငွေလှူတာတွေ ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မေမြို့ကို လာဖို့ စီစဉ်ခဲ့ပြီးမှ နယ်မြေအခြေအနေကြောင့် မလာရဲဘဲ ခရီးစဉ် ပျက်သွားတယ်လို့ ပြည်တွင်းမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။
မန္တလေး ကျုံးဘေးမှာ တွေ့ရတဲ့ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ/Photo – CJ
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်အုပ်စု #ကင်းပုန်းချထား #မင်းအောင်လှိုင်
မန္တလေးကို မအလ လာမယ်လို့ သတင်းထွက်နေပြီး တမြို့လုံးမှာ အစောင့်တွေ ချထား၊ မအလ လမ်းကြောင်း အစောင့်ကျတဲ့ စကစတွေ ညနေ(၅)နာရီမှ ထမင်းစားခွင့်ရဟုဆို၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024