နျူကလီးယား စွမ်းအင် မကြာခင် အသုံးပြုတော့မယ်လို့ မင်းအောင်လှိုင် ကြုံးဝါး၊

နျူကလီးယား စွမ်းအင် မကြာခင် အသုံးပြုတော့မယ်လို့ မင်းအောင်လှိုင် ကြုံးဝါး၊

MFP ၊ စက်တင်ဘာ - ၃၀

တစ်နိုင်ငံလုံးမှာ စက်မှုဇုန်တွေ တည်ဆောက်မယ်လို့ နေပြည်တော်မှာ ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင်က မနေ့က မန္တလေးက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာမှာလည်း စက်မှုလုပ်ငန်းတွေအတွက် အရေးကြီးတဲ့ လျှပ်စစ်ကို မကြာမီ နျူကလီးယားစွမ်းအင်က ရရှိပြီး အသုံးပြုတော့မယ်လို့ ကြုံးဝါးပြောဆိုသွားကြောင်း စစ်လော်ဘီ သတင်းစာတွေက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မင်အောင်လှိုင်ရဲ့ ရှရှားခရီးစဉ်မှာ ပူတင်နဲ့ လက်ဆွဲနှုတ်ဆက်ခွင့် ရခဲ့သလို မြန်မာနိုင်ငံတွင်း ဓာတ်အားထုတ်လုပ်မယ့် နူးကလီးယား စက်ရုံ အသေးစားတစ်ခု တည်ဆောက်ဖို့အထိ ပါဝင်တဲ့ ရှရှား - မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် မင်းအောင်လှိုင်က အခုလို မြန်မာနိုင်ငံတွင်း နူးကလီးယားကနေ ဓာတ်အားထုတ်လုပ်ဖို့ စိတ်ကူးယဉ်နေတာ ဖြစ်ပါတယ်။

မနေ့က မန္တလေးက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာမှာ မင်းအောင်လှိုင်က နူးကလီးယား စွမ်းအင်ကိစ္စ ထည့်ပြောသွားသလို ပြည်တွင်းမှာ ဝါအထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ ဝတ်ရေးမှာ များစွာ အထောက်အကူဖြစ်မှာမို့လို့ မန္တလေးတိုင်းမှာ ဝါကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ကြဖို့ ပြောသွားတယ်လို့ ဆိုပါတယ်။

မန္တလေးကို ရောက်လာတဲ့ မင်းအောင်လှိုင် ကို မန္တလေးတိုင်း ကုန်သည်နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း - MRCCI ၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ မြန်မာနိုင်ငံ ဝါ လုပ်ငန်းရှင်များအသင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များ ကိုယ်စား ကျောက်ဆစ်လုပ်ငန်း အသင်း၊ ရှင်သန်ဆဲ ဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်း စတဲ့ အသင်းအဖွဲ့တွေက စီးပွားရေးသမားတွေက မင်းအောင်လှိုင်ကို ဂါရဝပြု တွေ့ဆုံကြပြီး ဆွေးနွေးပွဲ လုပ်ခဲ့တယ်လို့ စစ်လော်ဘီ သတင်းစာတွေက ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နျူကလီးယားလျှပ်စစ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ