မန္တလေးမှာ ဆိုင်ကယ်စီးပြေးတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက အိမ်ပေါက်ဝအထိ လိုက်လံပစ်ခတ် သ-တ်-ဖြတ်၊ အဖမ်းမခံလို့ ပစ်သ-တ်တာလို့ စစ်အုပ်စုက သတင်းဖြန့်၊

မန္တလေးမှာ ဆိုင်ကယ်စီးပြေးတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက အိမ်ပေါက်ဝအထိ လိုက်လံပစ်ခတ် သ-တ်-ဖြတ်၊ အဖမ်းမခံလို့ ပစ်သ-တ်တာလို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP ၊ သြဂုတ် - ၇

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေတချောင်းမြောင်း၊ (၈၆)လမ်းနှင့် (၁၅)လမ်းဘက်မှာ ဆိုင်ကယ်စီးပြေးတဲ့ လူငယ် နှစ်ဦးကို စစ်အုပ်စုက လိုက်လံ ပစ်ခတ်ပြီး အိမ်ထဲအထိ ပစ်ခတ် သ-တ်-ဖြတ် တာကြောင့် အမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ သြဂုတ်(၇)ရက် နေ့လည်(၂)နာရီကျော်က အောင်မြေသာစံမြို့နယ် (၈၇)လမ်းနှင့် (၁၅)လမ်း ထောင့်ကနေ (၈၂)လမ်းနှင့် (၁၇)လမ်းဘက် ဆိုင်ကယ်မောင်းပြေးသူ နှစ်ဦးကို စစ်အုပ်စုက နောက်ကနေ ကားနဲ့လိုက်ပြီး တရစပ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လူငယ်နှစ်ဦးဟာ သေနတ်ကျည်တွေကို ရှောင်ရှားရင်း ဆိုင်ကယ်စီးပြေးကာ စစ်အုပ်စုက လိုက်လာလို့ (၁၆)လမ်းနှင့် (၁၇)လမ်းကြား၊ (၈၂)လမ်းက အိမ်တစ်လုံးထဲ အုတ်တံတိုင်းကျော်တက် ဝင်ရောက်နေချိန် နောက်က ရောက်လာတဲ့ စစ်အုပ်စုက ပစ်သတ်တာကြောင့် တစ်ဦး ကျည်ထိမှန် သေဆုံးသွားတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေ မသိရသေးပေမယ့် ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်နှစ်ဦးကို စစ်အုပ်စုက နောက်ကနေ မနားတမ်း လိုက်လံပစ်ခတ်ပြီး အိမ်ပေါက်ဝအထိ ပစ်သ-တ်သွားတာလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ဖမ်းဆီးငွေညှစ်ဖို့ ကြိူးစားရာမှာ အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် လိုက်လံပစ်သတ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပါတယ်။

အဲ့ဒီလို အမျိုးသားတစ်ဦးကို ဥပဒေမဲ့ ပစ်သ-တ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်လော်ဘီတွေကတော့ “ဆန္ဒပြဖို့ လူစုနေ” လို့ ဖမ်းဆီးရာက အဖမ်းမခံဘဲ ထွက်ပြေးလို့ ပစ်သ-တ်တာလို့ သတင်းဖြန့်ပါတယ်။

“နေ့လည်(၂)နာရီကျော်က (၁၅)လမ်းနှင့် (၈၇)လမ်းထောင့်တွင် ဆန္ဒပြရန်အတွက် အမျိုးသား၊အမျိုးသမီး (၁၁)ဦးတို့ စုဝေးနေချိန်တွင် ဖမ်းဆီးရာ အမည်မသိ အမျိုးသား နှစ်ဦးသည် ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားပြီး (၈၂)လမ်း၊ (၁၆)လမ်းနှင့် (၁၇)လမ်းကြားအရောက်တွင် အိမ်အမှတ် (--) အတွင်းသို့ ဝင်ရောက်ရန် အုတ်နံရံအား ကျော်တက်နေစဉ် ဘီအေ(၆၃) ဖြင့် လေးချက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကိုကိုနန္ဒ၊ အသက် (၃၅)နှစ်ခန့်၊ အိမ်တော်ရာဘုရား မြောက်ဘက်တွင် နေထိုင်သူအား ကျောမှ ဖောက်ဝင်၍ ရင်ညွှန့်မှေ ဖာက်ထွက်ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့” ဆိုပြီး စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

အဲ့ဒီ ပစ်ခတ် သ-တ်-ဖြတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တခြား ဖမ်းဆီးခံရသူ ရှိ၊မရှိ မသိရသေးဘူးလို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေ ပိတ်ဆို့စစ်ဆေး ငွေညှစ်တာ၊ မြို့အနှံ့လှည့်လည်ပြီး လက်နက်ပြ ခြိမ်းခြောက် ငွေညှစ်တာတွေ လုပ်ဆောင်နေပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စိတ်ထင်တိုင်း ပစ်ခတ်သ-တ်-ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နှစ်လည်ပိုင်းက မန္တလေးမြို့ပေါ် ဈေးတစ်ခုမှာ ဆန္ဒပြတယ်ဆိုပြီး စစ်အုပ်စုက တွေ့သမျှလူကို အကြမ်းဖက် ရှိုက်နှက် ဖမ်းဆီးစဉ်/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အောင်မြေသာစံ #ဆိုင်ကယ် #ပစ်ခတ် #လူငယ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ