ကောလင်းမြို့က ဈေးသည်မိသားစုကို PDF ထောက်ပို့လုပ်တယ် စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး၊

ကောလင်းမြို့က ဈေးသည်မိသားစုကို PDF ထောက်ပို့လုပ်တယ် စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး၊

MFP ၊ အောက်တိုဘာ - ၃၁

စစ်ကိုင်းတိုင်း ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်က ဈေးသည် မိသားစုကို PDF ထောက်ပို့ လုပ်တယ်လို့ စွပ်စွဲပြီး စစ်အုပ်စုက အောက်တိုဘာ(၂၉)ရက် ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၂၉)ရက်က ကောလင်းမြို့အနှံ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ် သောင်းကျန်းခဲ့ပြီး စက်ရုံလယ်ပြင်ရပ်ကွက်က ပြည်သူတွေကို ဖမ်းဆီးငွေညှစ်ရာကနေ ဈေးသည်မိသားစုကို PDF ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတာ ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူတွေဟာ သာမန်ပြည်သူ ဈေးအရောင်းအဝယ် လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ အောက်တိုဘာ(၂၉)ရက် ညနေ(၃)နာရီကျော်က ကောလင်းမြို့က ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေချိန် မသင်္ကာသူ သုံးဦးဖြစ်တဲ့ မဝင်းဝင်းမော်(ခ)မမော်၊ ဦးအောင်မြင့်ဇော်(ခ)အောင်ကြီးနှင့် ကိုအောင်ကျော်ဖြိုး(ခ)ဖိုးဖြူတို့ကို PDF ထောက်ပံ့တယ်လို့ သိရလို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း ကောလင်းမြို့က စီးပွားရေး လုပ်ငန်းရှင်တွေကို ဖမ်းဆီးငွေညှစ်ခဲ့ပြီးနောက် လက်ရှိမှာ သာမန် အရပ်သားပြည်သူတွေကိုပါ ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ကောလင်း #ဈေးသည် #မိသားစု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ