မန္တလေးမှာ CDM ၀န်ထမ်းတွေကို တကျော့ပြန် ဖိနှိပ်နေတဲ့ စစ်အုပ်စုက ဌာနအလိုက် CDM ၀န်ထမ်း စာရင်းတွေ တောင်းခံနေ

မန္တလေးမှာ CDM ၀န်ထမ်းတွေကို တကျော့ပြန် ဖိနှိပ်နေတဲ့ စစ်အုပ်စုက ဌာနအလိုက် CDM ၀န်ထမ်း စာရင်းတွေ တောင်းခံနေ

MFP ၊ စက်တင်ဘာ - ၂

မန္တလေးမြို့ပေါ်က CDM ဝန်ထမ်းတွေကို တကျော့ပြန် ဖိနှိပ်နေတဲ့ စစ်အုပ်စုက ဌာနအလိုက် CDM ဝန်ထမ်းစာရင်းတွေ တောင်းခံနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်ကစပြီး စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ CDM ဝန်ထမ်းတွေထဲမှာ မီးရထား၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ ပါဝင်ခဲ့ပြီး အများစုဟာ နေအိမ်လိုင်းခန်းပေါ်က အဓမ္မဖယ်ရှားခံရတာ၊ ဖမ်းဆီးထောင်ချခံရတာတွေ ရှိခဲ့ပါတယ်။

ဩဂုတ်လ နောက်ဆုံးပတ်ထဲမှာပဲ စစ်အုပ်စုဟာ ရတနာပုံတက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်က CDM ပညာရေးဝန်ထမ်းတွေကို အကြမ်းဖက်ဖမ်းဆီးခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်ကို ဩဂုတ်လ (၂၇)ရက်မှာ စစ်အုပ်စုက အင်အားရာချီသုံးပြီး စီးနင်းပိတ်ဆို့ကာ ဝန်ထမ်းလိုင်းခန်းတွေမှာ ဝင်ရောက်ရှာဖွေခဲ့ပြီး CDM ပြုလုပ်ထားတဲ့ မိဘတွေကို မတွေ့ရင် သားသမီးတွေကို ဖမ်းဆီးတာမျိုး လုပ်ဆောင်ခဲ့ပြီး အယောက် (၃၀)ထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။

တစ်ဖက်မှာလည်း ဖမ်းဆီးထားတဲ့ ပညာရေးသပိတ်က ဆရာ၊ ဆရာမတွေကို အကြမ်းဖက်ပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ချမှတ်တာတွေ လုပ်ဆောင်နေပါတယ်။

အလားတူ CDM ပြုလုပ်ထားတဲ့ မန္တလေးမြို့ပေါ်က အသက် (၄၀)ကျော်အရွယ် ကလေးအထူးကုဆရာဝန််တစ်ဦးကို ဩဂုတ်လ (၂၁)ရက်မှာ စစ်အုပ်စုက မင်္ဂလာဆေးရုံကို စီးနင်းဖမ်းဆီးခဲ့ပြီး နန်းတွင်းစစ်ကြောရေး ပို့ဆောင်ထားကာ နောက်ဆက်တွဲ သတင်းတွေ မသိရသေးဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်အုပ်စုက မန္တလေးတိုင်းထဲက ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတဲ့ စာမှာတော့ CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်ကို စက်တင်ဘာလအတွင်း ပေးပို့ရမယ်လို့ ပြောဆိုထားပြီး CDM ကနေ လုပ်ငန်းခွင် ပြန်ဝင်သူတွေရဲ့ စာရင်းတွေ ပါမပါကိုတော့ မသိရသေးပါဘူး။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #CDMဝန်ထမ်း #အချက်အလက်တောင်းခံ #အငြိုးထားဖိနှိပ်နေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ