ဝက်လက် ရွာတော်ရွာကို စစ်အုပ်စုက နှစ်ရက်ကြာ စီးနင်းပြီး အိမ်ခြေ(၁၂၀)ကို မီးရှို့၊ ပြည်သူ သုံးဦးကို သတ်ဖြတ်၊ ပြည်သူတစ်ဦးကို မီးရှို့သတ်၊ တစ်ဦးကို လူရုပ်မပေါ်အောင် ညှဉ်းပန်းသတ်ဖြတ်ပြီး နောက်တစ်ဦးကို ပြေးနေချိန် ပစ်သတ်ခဲ့၊

ဝက်လက် ရွာတော်ရွာကို စစ်အုပ်စုက နှစ်ရက်ကြာ စီးနင်းပြီး အိမ်ခြေ(၁၂၀)ကို မီးရှို့၊ ပြည်သူ သုံးဦးကို သတ်ဖြတ်၊ ပြည်သူတစ်ဦးကို မီးရှို့သတ်၊ တစ်ဦးကို လူရုပ်မပေါ်အောင် ညှဉ်းပန်းသတ်ဖြတ်ပြီး နောက်တစ်ဦးကို ပြေးနေချိန် ပစ်သတ်ခဲ့၊

MFP ၊ အောက်တိုဘာ - ၂၁

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာအနီးက ရွာတော်ကျေးရွာကို စစ်အုပ်စုက နှစ်ရက်ကြာ စီးနင်းပြီး ထင်တိုင်းကျဲ ဖောက်ထွင်းလုယက် ခိုးယူကာ နေအိမ် (၁၂၀)ကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ပြည်သူ သုံးဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုနှင့် ပျူတွေ စုစုပေါင်း အင်အား (၃၀)ခန့်ဟာ အောက်တိုဘာ(၁၉)ရက်နဲ့ (၂၀)ရက်တွေမှာ ဝက်လက်မြိုကနယ် ရွာတော်ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းခဲ့တာ ဖြစ်ပြီး ထင်တိုင်းကျဲ သတ်ဖြတ် ဖျက်ဆီးသွားတာလို့ ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂနှင့် အထက ရွှေပန်းကုံး ကျောင်းသားသမဂ္ဂတို့က သတင်းထုတ်ပြန်ပါတယ်။

"ပြည်သူတစ်ယောက်က မီးရှို့ခံရတာဗျ။ ကျန်တစ်ယောက်က မည်သူမည်ဝါ မသဲကွဲတော့ဘူးဗျ။ ညှဉ်းပန်း သတ်ထားတာပါ။ နောက်တစ်ယောက်က ပြေးတဲ့အချိန် အပစ်ခံရတာဗျ" လို့ အ.ထ.က - ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်ပြီး တစ်ရွာလုံးက ထွက်ပြေးနေရလို့ မည်သူမည်ဝါဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ ဆိုပါတယ်။

"ဝက်လက်မြို့နယ် အခြေစိုက် ကျောင်းသားသမဂ္ဂများ အခြေစိုက်ထားသည့် ကျေးရွာအား စစ်ကောင်စီမှ အပစ်မဲ့ပြည်သူ နေအိမ်များအား စစ်ရာဝတ်မှူ ကျူးလွန်ကာ မီးရှို့သွား။ ဝက်လက်မြို့နယ် ၊ ရွာတော်ကျေးရွာအား စစ်ကောင်စီ မှ အောက်တိုဘာ(၁၉)ရက် မနက်ပိုင်းတွင် အင်အား(၃၀)ခန့်ဖြင့် ဝင်ရောက်ကာ မီးရှို့သွားပါသည်။ မီးရှို့ခံရသည့် ပစ္စည်များနှင့် သတ်ဖြတ်ခံရသည့် စာရင်းမှာ အိမ်ခြေ(၁၂၀)၊ အသတ်ခံရသည့် အပစ်မဲ့ပြည်သူ သုံးဦး၊ နွားခြောက်ကောင်၊ ဆိတ်နှစ်ကောင်၊ ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသားသမဂ္ဂများမှ မီးရှို့ခံရသည့် ပစ္စည်းများမှာ ကွန်ပြူတာ နှစ်လုံး၊ ကာလာပရင့်တာ တစ်လုံး နှင့် အခြားပစ္စည်းများ မီးရှို့ခံလိုက်ရပါသည်" လို့ ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသားသမဂ္ဂ၊ သတင်းနှင့်ပြန်ကြားရေးကော်မတီက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၈)ရက်က ဝက်လက်နယ် အရှေ့ခြမ်း ဘုရားလေးကုန်းရွာကို ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ စီးနင်းပစ်ခတ်ကာ PDF တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့ပြီးနောက် ဝက်လက်နယ်ထဲ ထင်တိုင်းကျဲ စီးနင်းသောင်းကျန်း သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ဝက်လက်မြို့နယ်မှာ တစ်ပတ်အတွင်း ကျေးရွာ ခြောက်ရွာဖြစ်တဲ့ သစ်ဆိမ့်၊ ကူကြီး၊ ဘုရားလေးကုန်း၊ ဆင်နင်း၊ ပိတောက်ချုံနဲ့ ရွာတော် ရွာတွေ လေကြောင်းတိုက်ခိုက်ခံရသလို မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ပြည်သူတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုရန်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေနှင့် ဝက်လက်မြို့နယ် ရွာတော်ရွာက အိမ်တွေကို စစ်အုပ်စုက လုယက် ဖျက်ဆီး မီးရှို့သွားစဉ်/Photo - ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ရွာတော်ရွာ #မီးရှို့ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ