စစ်အုပ်စုက စစ်ကိုင်းတိုင်းမှာ ဩဂုတ်လ (၈) ရက် တစ်နေ့တည်း ရွာသုံးရွာကို မီးရှို့ဖျက်ဆီး၊ မူးကမ်းကြီး-ဆူးတပ်ရွာကို ဒုတိယအကြိမ် ဝင်ရောက်မီးရှို့နေ

စစ်အုပ်စုက စစ်ကိုင်းတိုင်းမှာ ဩဂုတ်လ (၈) ရက် တစ်နေ့တည်း ရွာသုံးရွာကို မီးရှို့ဖျက်ဆီး၊ မူးကမ်းကြီး-ဆူးတပ်ရွာကို ဒုတိယအကြိမ် ဝင်ရောက်မီးရှို့နေ

MFP ၊ ဩဂုတ် - ၉

စစ်အုပ်စုက စစ်ကိုင်းတိုင်းမှာ ဩဂုတ်လ (၈) ရက် တစ်နေ့တည်းမှာပဲ ရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်မြို့နယ်ထဲက မြင်းသည်ရွာက နေအိမ် (၁၈) လုံးနဲ့ ရေလည်မော်ရွာ (စာရင်းမသိရသေး)တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒီပဲယင်းနယ်ထဲက မူးကမ်းကြီး-ဆူးတပ်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဒီပဲယင်းနယ်ထဲက မူးကမ်းကြီး-ဆူးတပ်ရွာကို မနေ့က မီးရှို့ခဲ့တဲ့အပြင် ဒီနေ့ ဩဂုတ်လ (၉)ရက်မှာလည်း ဒုတိယနေ့အဖြစ် ဆက်လက်မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ စစ်အုပ်စုက နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရတာ ဖြစ်တဲ့အတွက် မီးလောင်ဆုံးရှုံးမှုများနိုင်တယ်လို့ မူးကမ်းကြီး ဒေသခံတစ်ဦးက ပြောပါတယ်။

" အခုထိတော့ မီးလောင်တာ အခြေအနေအမှန်မသိရသေးဘူး၊ စစ်ခွေးတွေ ရွာထဲမှာရှိသေးတယ် " လို့ သူက ဆိုပါတယ်။

စစ်အုပ်စုက မူးကမ်းကြီး-ဆူးတပ်ရွာကို ပြီးခဲ့တဲ့ ဇွန်လ (၁၄) ရက်နေ့က ပထမအကြိမ်ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် (၁၆၈) လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဩဂုတ်လ (၁) ရက်ကနေ (၈)ရက်နေ့အထိ မြို့နယ် (၇) ခုမှာရှိတဲ့ ရွာ (၁၉) ရွာက နေအိမ်ပေါင်း (၅၄၂) လုံးထက်မနည်းကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားပြည်သူ (၂၂) ဦး ကိုလည်း သ-တ်ဖြ-တ်ခဲ့တယ် လို့ MFP က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီလထဲမှာ မီးလောင်ဆုံးရှုံးမှု စာရင်းမသိရသေးတဲ့ ရွာပေါင်း (၈) ရွာ ကျန်ရှိနေသေးပြီး MFP အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော် ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျေးရွာ #နေအိမ် #မီးရှို့ဖျက်ဆီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ