မန္တလေးမှာ ပျောက်ဆုံးနေတယ်ဆိုတဲ့ ဒုတာဝန်ခံ မန်းမိုးကြိုး လက်နက်ဖိုးငွေတွေ လိမ်သွားတယ်လို့ FEA တပ်ပေါင်းစု ထုတ်ပြန်

မန္တလေးမှာ ပျောက်ဆုံးနေတယ်ဆိုတဲ့ ဒုတာဝန်ခံ မန်းမိုးကြိုး လက်နက်ဖိုးငွေတွေ လိမ်သွားတယ်လို့ FEA တပ်ပေါင်းစု ထုတ်ပြန်

MFP ၊ ဩဂုတ် - ၂၆

လက်နက်တွေ ဝယ်ယူပြီးအပြန် မန္တလေးမြို့မှာ ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းထုတ်ပြန်ထားတဲ့ ဒုတာဝန်ခံ မန်းမိုးကြိုးဟာ လက်နက်ဖိုးငွေတွေကို လိမ်လည်သွားတာဖြစ်တယ်လို့ FEA တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

FEA ဆိုတာ နိုင်ငံရေးအကျဉ်းသားများကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Anonymous Force Mandalay (AFM)၊ Emerald Grils Army (EGA) သုံးခုပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်ပြီး ဇွန်လအတွင်းကစလို့ မန္တလေးမြို့ဝန်းကျင်မှာ ပြောက်ကျားတိုက်ခိုက်မှုအချို့ကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

No photo description available.

အဲဒီတိုက်ခိုက်မှုတွေမှာ FEA ရဲ့ဒုတာဝန်ခံ မန်းမိုးကြိုးက ဦးဆောင်ခဲ့တယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ပြီး ဩဂုတ် (၄)ရက်မှာတော့ FEA အဖွဲ့နဲ့ ဝက်လက်အခြေစိုက် ဒို့ညီနောင် အဖွဲ့အတွက် လက်နက်ဝယ်ယူဖို့ ရှမ်းပြည်နယ်ဘက်ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် (၁၅)ရက်မှာ မန္တလေးကို ပြန်ရောက်လာပြီလို့ အဖွဲ့ကို ဆက်သွယ်ခဲ့ပြီး ဩဂုတ် (၁၆)ရက် ညနေပိုင်းမှာတော့ အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့အတွက် မန်းမိုးကြိုးနဲ့ အခြားအဖွဲ့ဝင် (၃) ဦး ပျောက်ဆုံးနေတယ်ဆိုပြီးတော့ FEA အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်စုံစမ်းမှုအရ ဖမ်းဆီးခံရမှုမရှိဘဲ မန်းမိုးကြိုး(ခ) ကျော်လင်း(ခ) ကျော်လေးဆိုသူဟာ သူ့ကို တိုက်ရိုက်လှူဒါန်းထားတဲ့ အတိုတစ်လက်ဖိုး ကျပ်သိန်း(၄၀)၊ အဖွဲ့အမည်ခံ လိမ်လည်အလှူခံထားတဲ့ အလှူငွေ မသိရသေးနဲ့ ဒို့ညီနောင် အဖွဲ့ရဲ့ လက်နက်ဖိုး (၆၃) သိန်း၊ ထပ်လွှဲငွေ ကျည်ဖိုး (၃)သိန်းတို့ကို လိမ်လည်အလွဲသုံးစားလုပ်ပြီး သူနဲ့အတူသွားတဲ့ အခြားသုံးဦးကိုပါ အဆက်အသွယ်ဖြတ်တောက်ထားတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မန်းမိုးကြိုးကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး အလွဲသုံးစားပြုလုပ်ထားတဲ့ အလှူငွေတွေကိစ္စ လာရောက်ဆက်သွယ်ဖြေရှင်းဖို့နဲ့ ဖြေရှင်းခြင်းမရှိရင် တော်လှန်ရေးသစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ဆက်လက် အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မန်းမိုးကြိုးဟာ စစ်သား CDM ဖြစ်တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်အချို့က ပြောဆိုကြပေမယ့် အတည်မပြုနိုင်သေးပါဘူး။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန်းမိုးကြိုး #လက်နက်ဖိုးငွေလိမ်လည်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ