ကလေးမြို့နယ်ထဲ ရွာစဉ်လှည့် လုယက်နေတဲ့ စစ်ကားနှစ်စီးကို မိုင်းခွဲ၊ စစ်အုပ်စုက ကားလမ်းဘေးနေ ပြည်သူတွေကို ပစ်ခတ်လို့ ပြည်သူတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရ၊

ကလေးမြို့နယ်ထဲ ရွာစဉ်လှည့် လုယက်နေတဲ့ စစ်ကားနှစ်စီးကို မိုင်းခွဲ၊ စစ်အုပ်စုက ကားလမ်းဘေးနေ ပြည်သူတွေကို ပစ်ခတ်လို့ ပြည်သူတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရ၊

MFP၊ စက်တင်ဘာ - ၄

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲ ရွာစဉ်လှည့် လုယက် ဓားပြတိုက်ကာ မြို့တွင်းဘက် ပြန်ဝင်လာတဲ့ စစ်အုပ်စု ကားနှစ်စီးကို မနေ့က ညနေပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ(၃)ရက် ညနေပိုင်းက ကလေးမြို့ အနောက်တောင်ပိုင်း မြိုလှရွာက ဆန်စက်ထဲ ဝင်မွှေလုယက်ပြီး ကလေးမြို့ဘက် ပြန်လာတဲ့ စစ်အုပ်စု ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကာ ကားပေါ်ပါ စကစ(၃၀)အနက် အများအပြား ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ မြိုလှရွာကနေ ကလေးမြိုပေါ်ပြန်တဲ့ လမ်းတလျှောက် ကားလမ်းဘေးက အင်ဒိုင်းကုန်း (မွန်တာရွာ)၊ စက္ကန့်နှင့် လက်ပံခုံစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို ပစ်ခတ်တာကြောင့် ပြည်သူလေးဦး ထိခိုက်ပြီး တစ်ဦး အသက်ဆုံးရှုံး သွားတယ်လို ကလေးပင်မသပိတ် စစ်ကြောင်းက ရဲဘော်တစ်ဦးက ပြောပါတယ်။

"စကစ ဖက်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ အနည်းဆုံး လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်။ ပြီးတော့ တစ်ဦး သေဆုံးတယ်လို သိရပါတယ်"ဟု အထက်ပါ ရဲဘော်က ဆိုပါတယ်။

စစ်အုပ်စုက ကားလမ်းဘေး နေသူတွေကို အကြောင်းမဲ့ ပစ်ခတ်သွားတာကြောင့် ကလေးမြို့နယ် အင်ဒိုင်းကုန်း (မွန်တာရွာ) အမှတ်(၄)လမ်းနေ အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး လည်ပင်းကျည်ထိကာ သေဆုံးခဲ့သလို ဒေသခံ အမျိုးသမီးတစ်ဦးလည်း နံကြား ကျည်ဖောက်ဝင်ကာ ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခြား ဒဏ်ရာရသူတွေနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လပိုင်းကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်နယ်မှာ မူးရူးသောက်စားပြီး ကားလမ်းဘေးတေန ပြည်သူတွေကို ကားပေါ်ကနေ ပစ်ခတ်သွားတာကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရကာ ကျွဲ၊နွားတွေပါ သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်အုပ်စုက ပစ်သတ်လိုက်တဲ့ ကလေးမြို့နယ် အင်ဒိုင်းကုန်း (မွန်တာရွာ)က ဒေသခံတစ်ဦး/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ