နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်လုံးကို စစ်အုပ်စုက ညမထွက်ရ ပုဒ်မ(၁၄၄)အမိန့် ထုတ်၊ လူတချိုက အများပြည်သူ လုံခြုံရေး ထိခိုက်အောင် လုပ်နေ၍ဟု အကြောင်းပြ၊

နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်လုံးကို စစ်အုပ်စုက ညမထွက်ရ ပုဒ်မ(၁၄၄)အမိန့် ထုတ်၊ လူတချိုက အများပြည်သူ လုံခြုံရေး ထိခိုက်အောင် လုပ်နေ၍ဟု အကြောင်းပြ၊

MFP၊ စက်တင်ဘာ - ၁၈

စစ်အုပ်စုနှင့် အစိုးရဌာနတွေ ရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေက မြိုနယ်တွေ အားလုံးကို စက်တင်ဘာ(၁၇)ရက်က စတင်ပြီး စစ်အုပ်စုက ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်ပါတယ်။

ဥတ္တရသီရီ၊ ပုဗ္ဗသီရိစတဲ့ သီရိငါးမြိုနယ် အပါအဝင် လယ်ဝေး၊ တပ်ကုန်းနှင့် ပျဉ်းမနား စတဲ့ နေပြည်တော် ကောင်စီနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ရှစ်မြို့နယ်လုံးကို ည(၁၂)နာရီကနေ မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်နှင့် လူငါးဦးထက် ပိုမို မစုဝေးဖို့ တားမြစ်တဲ့ ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်ကြောင်း စစ်အုပ်စုက ထုတ်ပြန်လိုက်တာပါ။

လူတချိုက အများပြည်သူ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင်နေပြီး ရပ်ရွာ အေးချမ်း သာယာရေးကို ထိခိုက်စေမယ့် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို ယူဆတာကြောင့် ပုဒ်မ (၁၄၄) ထုတ်ပြန်တာလို့ စစ်အုပ်စုက ဆိုပါတယ်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း လမ်းမကြီးများ၊ အများပြည်သူ သွားလာရာ လမ်း၊ လမ်းကြား၊ လမ်းသွယ်၊ ဥယဉ်နှင့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူငါးဦး ဒါမှမဟုတ် ငါးဦးထက်ပိုပြီး စုဝေးခြင်း မပြုဖို့နှင့် နေ့စဉ် ည(၁၂)နာရီမှ မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ကောင်စီ မြိုနယ်အုပ်ချုပ်ရေးမှူးတွေ လက်မှတ် ရေးထိုးထားတဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

နေပြည်တော် ကောင်စိနယ်မြေအတွင်း ပုဒ်မ (၁၄၄) ထုတ်ပြန်ထားတဲ့ အမိန့်ဟာ စက်တင်ဘာ(၁၇)ရက်က စတင်ပြီး နောက်ထပ်အမိန့် တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရဲ့ တိုက်ရိုက် ကွပ်ကဲ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ နေပြည်တော် ကောင်စီနယ်မြေကို ခရိုင်နှစ်ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒက္ခိဏခရိုင်မှာ ဇမ္ဗူသီရီ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနားနှင့် လယ်ဝေး လေးမြို့နယ် ပါဝင်ပြီး ဥတ္တရခရိုင်မှာ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိနှင့် တပ်ကုန်း မြို့နယ်တွေ ပါဝင်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေပြည်တော် #၁၄၄ #ညမထွက်ရအမိန့်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ