ဖက်ဆစ်တပ်နဲ့ တိုက်ပွဲ(၃၀)ကျော် ဆင်နွှဲခဲ့တဲ့ ပြည်သူ့ရဲဘော်တစ်ဦး ချောင်းရေနစ်ကာ ကျဆုံး၊

ဖက်ဆစ်တပ်နဲ့ တိုက်ပွဲ(၃၀)ကျော် ဆင်နွှဲခဲ့တဲ့ ပြည်သူ့ရဲဘော်တစ်ဦး ချောင်းရေနစ်ကာ ကျဆုံး၊

MFP ၊ သြဂုတ် - ၂၁

အာဏာသိမ်း ဖက်ဆစ်တပ်နဲ့ တိုက်ပွဲ အကြိမ်(၃၀)ကျော် ဆင်နွှဲတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး သြဂုတ်(၁၃)ရက်က တိုက်ပွဲမှာ ချောင်းကို ဖြတ်ကူးစဉ် ရေနစ် ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းဖြစ်တဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁၉)တပ်ရင်း - ဂဠုန်တပ်တော် (ဒီပဲယင်း) က သတင်း ထုတ်ပြန်ပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း (၁၉)ရဲ့ တပ်စုမှုး၊ ရှေ့တန်းတပ်ခွဲမှုးဖြစ်တဲ့ ရဲဘော် ဒဿ (၂၁-နှစ်) ဟာ သြဂုတ်(၁၃)ရက်က ဒီပဲယင်းမြို့နယ် သခွပ်ပင်ကျောင်းရှေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ချောင်းဖြတ်ကူးစဉ် ရေနစ်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

သခွပ်ပင်ကျောင်းတိုက်ပွဲဟာ ဖက်ဆစ်တပ်သား (၈၀)ကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အမှတ်(၁၉)တပ်ရင်းက အထူးကွန်မန်ဒို (၁၅)ဦးနဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ အင်အား သာလွန်တဲ့ ရန်သူဖက်ဆစ်တပ်ကို ပြောက်ကျားတိုက်ခိုက်ပြီး ဆုတ်ခွါရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွါခဲ့ရာမှာ ချောင်းအတွင်း ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော်ဒဿသည် အာဏာသိမ်းခံရချိန်မှစ၍ တော်လှန်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ကျွန်ုပ်တို့ ဂဠုန်တပ်တော် သင်တန်းအပတ်စဉ် နှစ်ခုတွင် သင်တန်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကာ " ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၁၉)တပ်ရင်း "တွင် NUG မှ ပေးအပ်သော ကိုယ်ပိုင်နံပါတ်ဖြင့် တပ်စုမှုး၊ ရှေ့တန်းတပ်ခွဲမှုး တာဝန်ဖြင့် ဒီပဲယင်းမြို့နယ်အတွင်း တိုက်ပွဲပေါင်း (၃၀)ကျော်ကို ရွပ်ရွပ်ချျွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ သြဂုတ် (၁၃)ရက်တွင် ဒီပဲယင်းမြို့နယ် သခွပ်ပင်ကျောင်းရှေ့တွင် ရန်သူသာလွန်အင်အား (၈၀)ကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၁၉)တပ်ရင်း မှ အထူးကွန်မန်ဒို (၁၅)ယောက်ဖြင့် ခုခံခဲ့ပြီး ဆုတ်ခွါရာ လမ်းအတိုင်း ပြန်လည်ဆုတ်ခွါခဲ့ရာ ချောင်အကူးတွင် ချောင်းရေ အရမ်းများလွန်းသဖြင့် လက်နက်ခဲယမ်း အပါအဝင် ရေချောင်းအတွင်း ကျဆုံးခဲ့လေသည်” လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၉) - ဂဠုန်တပ်တော် (ဒီပဲယင်း)က ဖော်ပြပါတယ်။

ရဲဘော် ဒဿ ကျဆုံးမှုအပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း မိခင်တပ်ရင်းက ဖော်ပြပါတယ်။

“ကျွန်ုပ်တို့ ဂဠုန်တပ်တော်မှလည်း ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ရပါသည်။ ကျွန်ုပ်တို့ ဂဠုန်တပ်တော်၏ တော်လှန်ရေး တပ်သား ရဲဘော်များမှ ခေတ်အဆက်ဆက် စနစ်အဆက်ဆက် တော်လှန်ရေး တိုက်ပွဲများအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးပြုသည့်အခါများတွင် သင့်အားလည်း အလေးပြုဦးညွှတ်သွားမည် ဖြစ်သည်။ ရဲဘော်ဒဿ ကောင်းရာဘုံဘဝ ရောက်ပါစေသော်” လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၉) - ဂဠုန်တပ်တော် (ဒီပဲယင်း) က ဖော်ပြပါတယ်။

ဖက်ဆစ်တပ်ဟာ သြဂုတ်(၂)ရက်က စတင်ပြီး ဒီပဲယင်းနယ်ထဲ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းကာ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းပြီး ဒေသခံပြည်သူတွေကို ရန်ပြု သ-တ်-ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ နေအိမ် မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ကျဆုံးရဲဘော် ဒဿ/Photo - ရွှေဘိုခရိုင် တပ်ရင်း (၁၉) - ဂဠုန်တပ်တော်

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #PDF #ရဲဘော် #ဂဠုန်တပ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ