ဂန့်ဂေါမှာ CDM ပါဝင်ပြီး PDF အဖြစ် တာဝန်ထမ်းဆောင်နေသူ (၁၇)ဦးကို ဂုဏ်ပြု၊

ဂန့်ဂေါမှာ CDM ပါဝင်ပြီး PDF အဖြစ် တာဝန်ထမ်းဆောင်နေသူ (၁၇)ဦးကို ဂုဏ်ပြု၊

MFP ၊ စက်တင်ဘာ - ၁၂

အာဏာသိမ်း စစ်အုပ်စု လက်အောက်က ရုန်းထွက်ပြီး CDM ပြုလုပ်ကာ PDF အဖြစ် တာဝန်ထမ်းဆောင်နေတာ တစ်နှစ်ကျော် ကြာပြီ ဖြစ်တဲ့ CDM စစ်သားနှင့် ရဲ စုစုပေါင်း (၁၇)ဦးကို စက်တင်ဘာ(၁၁)ရက်က မကွေးတိုင်း ဂန့်ဂေါနယ်မှာ အခမ်းအနားနဲ့ ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က သတင်း ထုတ်ပြန်ပါတယ်။

ဂန့်ဂေါခရိုင် အမှတ် (၃) နှင့် အမှတ် (၅) တပ်ရင်းတွေမှာ CDM ဝင်ရောက်ပြီး အဲ့ဒီ တပ်ရင်းတွေမှာပဲ PDF ရဲဘော်တွေအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ CDM ရဲနှင့် စစ်သား (၁၇)ဦးကို ဂုဏ်ပြုခဲ့တာ ဖြစ်ပြီး အခမ်းအနားကို တိုင်း၊ ခရိုင် တာဝန်ရှိသူတွေ၊ တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေ၊ ပကဖ၊ ပအဖ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြသလို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်မတော်သားတွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကို အမျိုးသားညီညွတ်ရေး အစိုးရက ပြည်သူ့သားကောင်းတွေ အဖြစ် မှတ်ယူတယ် လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီ တပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံသာမက အခုဆိုရင် စစ်တိုက်နိုင်စွမ်းလည်း မရှိ၊ အပြစ်မဲ့ ပြည်သူကို ရန်ရှာပြီး မီးရှို့သ-တ်-ဖြတ်ဖို့သာ တတ်နိုင်တော့တဲ့ လက်မရွံ့ လူသတ်၊ ဓါးပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီ ဖြစ်ကာ အဲ့ဒီ အချက်တွေကပဲ စစ်အုပ်စုရဲ့ နေဝင်ချိန် မဝေးတော့ဘူးဆိုတာကို ပြနေတယ် လို့လည်း ဦီးရည်မွန် ဆိုပါတယ်။

“ပြည်သူ့သားသမီးများပီပီ ပြည်သူဘက်ကရပ်တည်ဖို့၊ ပြည်သူနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ရဲဘော်တို့ရဲ့ အသိဉာဏ်ပညာ အတွက် ဂုဏ်ယူလေးစားကြောင်း ပြောလိုတယ်၊ အခုဆို ရဲဘော်တို့ဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ရဲဘော်များအဖြစ် ခံယူပြီး ဖြစ်ရုံမက လက်တွေ့ တော်လှန်ရေးမှာ ပါဝင်နေကြပြီးလည်း ဖြစ်တယ်၊ ဒီသတင်းကို ပြည်သူတွေကြားရင် ဂုဏ်ယူမဆုံး ရှိလိမ့်မယ်၊ စစ်အုပ်စုကို အနိုင်ယူပြီး ပြည်သူနဲ့အတူ အောင်ပွဲခံကြမယ်။ ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်” လို့ ကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NUG #MOD #CDM #ဂန့်ဂေါ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ