ဘုတလင်နယ် အောင်သာရွာမှာ ရွာဦးဘုန်းကြီးကျောင်းက စတင်ပြီး စစ်အုပ်စုက တရွာလုံးကို မီးရှို့ဖျက်ဆီး၊

ဘုတလင်နယ် အောင်သာရွာမှာ ရွာဦးဘုန်းကြီးကျောင်းက စတင်ပြီး စစ်အုပ်စုက တရွာလုံးကို မီးရှို့ဖျက်ဆီး၊

MFP ၊ စက်တင်ဘာ - ၁၉

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် အောင်သာကျေးရွာကို မနေ့ညနေပိုင်းမှာ စစ်အုပ်စု ဝင်မွှေ လုယက်ပြီးနောက် ရွာဦးဘုန်းကြီးကျောင်းက စတင်ကာ တရွာလုံးက နေအိမ်တွေကို လုယက်ဖျက်ဆီး မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ(၁၈)ရက် ညနေပိုင်းမှာ စစ်အုပ်စုက အောင်သာရွာထဲ စီးနင်းဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းကို စတင် မီးရှို့ ဖျက်ဆီးကာ ဆက်လက်ပြီး ကျေးရွာထဲက အိမ်တွေကိုပါ မီးရှို့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ပြည်သူတွေ ထွက်ပြေးနေရလို့ အောင်သာရွာထဲ မီးလောင်ပျက်စီးမှု အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာ နမခ ထဲက ထွက်လာပြီးနောက် ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့ သ-တ်-ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အောင်သာရွာက ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စုဟာ စက်တင်ဘာ(၁၇)ရက်ကလည်း သက်ရှည်ကန်ရွာက ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးကို သ-တ်-ဖြတ်ကာ အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ ဘုတလင်နယ်ထဲက အောင်သာ၊ သက်ရှည်ကန်၊ ရွာရှည်၊ မင်းရွေး၊ အောင်ချမ်းသာ စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပြီး ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခံထားရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ် အောင်သာရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဘုတလင် #ဘုန်းကြီးကျောင်း #အောင်သာရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ